spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းလက်ရှိမွန်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရနှုတ်ဖြင့်သာဖြေကြား၍ မှတ်တမ်းစာရွက်များပေးအပ်ခြင်းမရှိ

    လက်ရှိမွန်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရနှုတ်ဖြင့်သာဖြေကြား၍ မှတ်တမ်းစာရွက်များပေးအပ်ခြင်းမရှိ

    -

    ရွှေရိုး(မော်လမြိုင်၊ ဇွန် ၁၃)

    လက်ရှိကျင်းပလျက်ရှိသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) တွင် ပြည်နယ်အစိုးရအဖွဲ့မှ နှုတ်ဖြင့်သာဖြေကြားခဲ့ပြီး အဖြေမှတ်တမ်းစာရွက်များပေးအပ်ခြင်းမရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

    “မေးခွန်းနဲ့ အဖြေက မေးပြီးတာနဲ့ အားလုံးလဲ သိပြီးသားဖြစ်ပါလိမ့်မယ်။ သိပြီးသား မေးထားတဲ့မေးခွန်းရဲ့ အဖြေကိုတော့ ပေးသင့်တယ်လို့ ကျွန်မထင်တယ်။ ဒါပေမယ့် အခုချိန်ထိ မရသေးဘူးပေါ့နော်၊ အမှန်တကယ်တော့ ဖြေပြီးတာနဲ့ ပေးရမှာပါ၊ ကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာလည်း ပေးပါတယ်။ ကျွန်မတို့ ပြည်နယ်ကျမှ ဒီလိုမျိုးထူးထူးဆန်းဆန်းဖြစ်နေတာ အံ့သြမိပါတယ်”ဟု မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ဆိုသည်။

    ပုံမှန်အားဖြင့် ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် အစိုးရအဖွဲ့မှ ဖြေကြားထားသည့် အဖြေများကို လွှတ်တော်ရုံးသို့ ကြိုတင်ပေးပို့ခဲ့သော်လည်း ယမန်နေ့က စတင်ကျင်းပသည့် လွှတ်တော် အထူးအစည်းအဝေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဖြေဆိုရမည့် အဖြေများကို ပေးပို့ထားခြင်းမရှိကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

    “ဒီအချိန်အထိ အစိုးရအဖွဲ့က အဖြေပေးပို့ထားတာမရှိသေးဘူး၊ နှုတ်နဲ့ဖြေကြားထားတာပဲ ရှိတယ်။ အဲဒီအတွက်က ကျွန်တော်တို့ အသေးစိတ်အချက်အလက်ကို မသိတဲ့အခါကျတော့ ဆက်စပ်မေးခွန်းတွေ မေးဖို့ ကျွန်တော်တို့မှာ အခက်အခဲလေးတော့ ရှိပါတယ်”ဟု ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

    ထို့အတူ မွန်ပြည်နယ်လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးက သက်ဆိုင်ရာဝန်ကြီးများ ဖြေဆိုထားသည့်အဖြေများကို လွှတ်တော်မှတ်တမ်းထားရှိရန်တောင်းဆိုခဲ့ရာတွင် အစည်းအဝေးနောက်ဆုံးနေ့မှသာ ပြန်လည်ပေးပို့သွားမည်ဟု မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ဆိုသည်။

    “ဒါကတော့ အမှန်ပဲ၊ အရင်က မမှန်ဘူးလို့ ပြောရမယ်၊ ဒါကတော့ သက်ဆိုင်ရာလွှတ်တော်အဖွဲ့နဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ပဲ ဆွေးနွေးကြမယ်၊ ဒါကတော့ ကျွန်တော် မပြောလိုပါဘူး။ မွန်ပြည်နယ်လွှတ်တော် ဥပဒေ၊ နည်းဥပဒေလည်း ပွင့်ပွင့်လင်းလင်းပြဋ္ဌာန်းထားတယ်။ အဲဒီပြဋ္ဌာန်းချက်အတိုင်း လေ့လာသုံးသပ်မယ်ဆိုရင် သွားမယ် မသွားဘူးဆိုတာ ပေါ်လာလိမ့်မယ်” ဟု ဦးထွန်းဋ္ဌေးက ပြောသည်။

    အဆိုပါကိစ္စသည် ပြည်နယ်အစိုးရအဖွဲ၏ လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းထောက်များ၏မေးခွန်းကို ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။

    ယနေ့ကျင်းပလျက်ရှိသည့် လွှတ်တော် အထူးအစည်းအဝေးတွင်လည်း အစိုးရအဖွဲ့အနေဖြင့် စာဖြင့် ပြန်လည်ဖြေကြားပေးရမည့် မေးခွန်းတစ်ခုကို ၁၀ ရက်အတွင်း တိတိကျကျဖြေကြားပေးရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက သတိပေး ပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။



    Photo- ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)-(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks