Tuesday, March 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဝဲလည်လည်ဖြစ်နေကြောင်း EAO အစုအဖွဲ့ခေါင်းဆောင်ပြော

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဝဲလည်လည်ဖြစ်နေကြောင်း EAO အစုအဖွဲ့ခေါင်းဆောင်ပြော

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၃)

    တိုင်းရင်းသားအဖွဲ့အစည်းတွေက ဖက်ဒရယ်မူကို အဆင့်အမြင့်ဆုံးတင်ထားပြီး ရပ်တည်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း တစ်ခုတည်းသောတပ်မတော်နှင့် ခွဲမထွက်ရေးအထိမခံဘဲ ကျားကုတ်ကျားခဲ မဆုတ်တမ်းဆွေးနွေးသဖြင့် မိမိတို့သည်ဆုံမှတ်ရှာမတွေ့ဘဲ တစ်ဦးကိုတစ်ဦး အပြစ်ဆိုရင်းနှင့်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တဝဲလည်လည်ဖြစ်နေကြောင်း ယနေ့ကျင်းပသည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

    တစ်နှစ်ကြာနီးပါးခန့် ရပ်တန့်ခဲ့ရသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးးဗဟိုဌာန NRPC အစည်းအဝေးခန်းမ၌ အလွတ်သဘောအဖြစ် ယနေ့စတင်ကျင်းပရာတွင် EAO အစုအဖွဲ့ခေါင်းဆောင်မှ ယင်းသို့အဖွင့်မိန့်ခွန်း ပြောကြားခြင်းဖြစ်သည်။

    “အစုအဖွဲ့တွေအကြား အခြေအနေချင်းကမတူတော့ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ သူ့ဖက်ကိုယ့်ဖက် မျှမျှတတကြည့်တတ်ဖို့လိုပါတယ်၊ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်၊ ဆွေးနွေးဖက်အချင်းချင်းကြား တန်းတူညီမျှမှု၊ လေးစားအသိအမှတ်ပြုမှုတွေဟာ အရေးကြီးလှပါတယ်၊ အစိုးရတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ ၂၀၂၀ မတိုင်မီ အဓိကကျတဲ့ ဖက်ဒရယ်အခြေခံမူတွေနဲ့ ဒီမိုကရေစီအခြေခံမူတွေရရှိဖို့ အစိုးရက ကြိုးပမ်းဆောင်ရွက်နေတာကို ကျနော်တို့အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်း ဆက်ပြောသည်။

    အလားတူ အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် နိုင်ငံရေးပါတီများမှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ခေါင်းဆောင် ဦးမြင့်စိုးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်ဟု သိရသည်။

    သို့ရာတွင် UPDJC အတွင်းရေးမှူးများ၏ လုပ်ငန်းလမ်းညွှန်အရ စုံညီအစည်းအဝေးကို တစ်လတစ်ကြိမ်ကျင်းပ သွားရမည်ဆိုသော်လည်း ယမန်နှစ်ဇူလိုင်လက နောက်ဆုံးအစည်းအဝေးကျင်းပခဲ့ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်နီးပါးကြာ ဆက်လက်မကျင်းပနိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အလွတ်သဘောဆွေးနွေးမှုများသာ ရှိခဲ့သည်။

    အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “ဒီကြားထဲ အလွတ်သဘော ဆွေးနွေးပွဲများနဲ့ ပုံမှန်ရောက်အောင် ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့တော့ ပြန်ဆုံနိုင်ပါပြီ။ အလွတ်သဘော ဆွေးနွေးပွဲကနေ တရားဝင် ဆွေးနွေးပွဲများကို အမြန်ဆုံးရောက်အောင် သွားဖို့လိုပါတယ်။ ပြီးရင် UPDJC ဆွေးနွေးပွဲများကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သွားရပါမယ်၊ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒီထက်ပိုပြီး အားထည့်ဆောင်ရွက် နိုင်ဖို့မျှော်လင့်ပါတယ်” ဟု ဆိုသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ လိုက်နာရမည့်တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှုပေါ်ပေါက်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများသည် ငြိမ်းချမ်းစွာဆွေးနွေးညှိနှှိုင်းသည့် နည်းလမ်းကို အခြေခံ၍ ဖြေရှင်းရမည်ဖြစ်ပြီး ဖြေရှင်းရာတွင် ပြေလည်မှုမရှိပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှှိုင်းအစည်းအဝေး JICM သို့တင်ပြပြီး ညှိနှှိုင်းဖြေရှင်းသွားမည်ဟု ၎င်းက မျှော်လင့်နေသည်။

    အစိုးရ၊ လွှတ်တော်၊ တပ်မတော် မှ (၅) ဦး၊ EAO မှ (၅) ဦး၊ နိုင်ငံရေး ပါတီများက (၅) ဦး စုစုပေါင်း ( ၁၅ ) ဦးဖြင့် UPDJC အတွင်းရေးမှူးများကို ဖွဲ့စည်းခဲ့သော်လည်း ယခုအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားကြသည့် EAO (၁၀) ဖွဲ့လုံးပါဝင်နိုင်ရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့မှ (၁၀) ဦးစီ စုစုပေါင်းအတွင်းရေးမှူးအဖွဲ့ဝင် (၃၀) ဦးကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။


    Photo-UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးတွင် ဗိုလ်မှူးကြီးစိုင်းငင်း မိန့်ခွန်းပြောကြားစဉ်(NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks