စန္ဒာဉာဏ်(ရေး၊ ဇွန် ၁၁)
ကမ်းဝေးငါးဖမ်းလုပ်ငန်းအားလုံး ပိတ်သိမ်းထားသည့် ၃ လအတွင်း ပင်လယ်ပြင်တွင် ငါးဖမ်းရေယာဉ်များ လုံးဝမကျန်ရှိစေရန် တပ်မတော်ရေမှ စစ်ဆေးထားသည်ဟု သိရသည်။
ယခုနှစ်ငါးသားပေါက်ချိန်ဖြစ်သော ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အတွင်း ကမ်းဝေးငါးဖမ်းသင်္ဘောအားလုံးကို ငါးဖမ်းခွင့် ၃ လကြာ ပိတ်သိမ်းထားရာတွင် ကမ်းနီးလှေများမပါဝင်ဟု ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုလွင်က ပြောသည်။
“ကမ်းနီးကမ်းဝေးရေယာဉ်များကို ပင်လယ်ပြင်စစ်ဆေးမှုအာဏာကို တပ်မတော်ရေကို ပေးထားတာဖြစ်တယ်။ ကျွန်တော်တို့ မြို့နယ်မှာ ကမ်းနီးဘယ်နှစီးရှိတယ် ကမ်းဝေးဘယ်နှစီးရှိတယ်ဆိုတာ တပ်မတော်ရေကို စာရင်းပေးပို့ထားတယ်။ တပ်မတော်ရေကနေပြီး ကျွန်တော်တို့ ပေးပို့ထားတဲ့ စာရင်းတွေကို ကြည့်ပြီး ကမ်းနီးလှေလား ကမ်းဝေးလှေလား သူတို့အနေနဲ့ အလွယ်တကူ စစ်ဆေးတွေ့နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် ရေလုပ်သားများတွင် ရေလုပ်သားမှတ်ပုံတင်ကတ်ရှိရေး၊ ပင်လယ်ပြင်ထွက်ခွာခွင့် Sailing Order ရယူရေး၊ သတ်မှတ်ထားသည့် ငါးဖမ်းကိရိယာအသုံးပြုရေးကို ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထားသည့်အတိုင်း သက်ဆိုင်ရာရေတပ်က စစ်ဆေးမည်ဖြစ်ပြီး အချက်အလက်လွဲမှားမှုရှိလျှင် ထွက်ခွာခွင့်မပေးဟု ဦးကိုလွင်က ဆိုသည်။
“မေ ၃၁ ရက်နေ့မှာ ကမ်းဝေး ၁၉၅ စင်းလုံးဟာ သက်ဆိုင်ရာဆိပ်ကမ်းတွေကို ပြန်ဝင်ထားပါပြီ ပင်လယ်ပြင်မှာ ကျန်ရှိငါးဖမ်းသင်္ဘောမရှိအောင် တပ်မတော်ရေကလည်း သူတို့ကိုလည်း တာဝန်ပေးထားတာဖြစ်တဲ့အတွက်လိုက်လံစစ်ဆေးနေပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ် ရေပိုင်နက်ထဲမှာတော့ ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ မရှိတော့ဘူးလို့ သိရှိရပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ ရေလုပ်ငန်းရှင်များဥက္ကဌ ဦးအောင်ကျော်ဦးက ယခင်နှစ်က ငါးဖမ်းလှေ ၂ဝ ရာခိုင်နှုန်းထွက်ခွင့်ပေးခဲ့သော်လည်း ယခုနှစ်တွင် လုံးဝပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် လှေထွက်လျှင် လုပ်ငန်းရှင်ကို အရေးယူမည့်အပြင် ငါးဖမ်းလှေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟု ဆိုသည်။
“ဒီချိန်မှာ ငါးဥ ဥမယ့်ငါးတွေဟာလည်းပဲ သားပေါက်တွေဟာ ဒီချိန်မှာ မဖမ်းဆီးဘဲနဲ့ ထားလိုက်မယ်ဆိုရင် နောက်သုံးလကြာလို့ရှိရင် သူတို့ဟာရောင်းတမ်းဝင်ပြီးတော့မှ ဈေးကောင်းရလာနိုင်တဲ့အတွက် ဒီလိုပိတ်သိမ်းတာကတော့ လုပ်ငန်းအရ လုပ်သားတွေအတွက် စားဝတ်နေရေး အထိုက်အလျောက် အခက်အခဲဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာ့သယံဇာတတွေက ပေါကြွယ်ပြီးတော့ တိုးတက်လာနိုင်မယ်လို့ ယူဆပါတယ်” ဟု ၎င်းကဆိုသည်။
ရေးမြို့နယ်တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၃၈၇ စင်းနှင့် ကမ်းဝေးရေယာဉ် ၁၉၅ စင်းရှိပြီး အလျားပေ ၃ဝ အောက်နှင့် မြင်းကောင်ရေ ၂၅ အင်ဂျင်စက်ရှိသော ရေယာဉ်များကို ကမ်းနီးအဖြစ်သတ်မှတ်ကာ ကမ်းခြေမှ ၁ဝ မိုင်အတွင်းသာ ခွင့်ပြုထားသည်ဟုသိရသည်။