spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်း၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်ချက် ၉ ဒဿမ ၆၅ ရာခိုင်နှုန်းရှိ

    ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်ချက် ၉ ဒဿမ ၆၅ ရာခိုင်နှုန်းရှိ

    -

    လရီချမ်း(ဇွန်လ-၈)

    ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်သော ယခုနှစ်တက္ကသိုလ်ဝင်တန်း(၁၀တန်း) စာမေးပွဲအောင်စာရင်းအရ မွန်အမျိုးသားကျောင်းမှ ကျောင်းသား/သူ ၁၁၄ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၁၁ ဦးအောင်မြင်သဖြင့် အောင်ချက် ၉ ဒဿမ ၆၅ ရာခိုင်နှုန်းရရှိကြောင်း သတင်းရရှိသည်။

    ယမန်နှစ်က မွန်အမျိုးသားကျောင်းမှ အောင်ချက် ၂၁ ရာခိုင်နှူန်းရရှိခဲ့သဖြင့် ယခုနှစ်တွင် အောင်ချက်ကျဆင်းသွားခြင်း ဖြစ်သည်။

    “ဒီနှစ်ကတော့ အောင်ချက်ကျတယ် ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေကို သင်ကြားဖို့ ဆရာငှားဖို့အတွက် ငွေကြေးလုံလောက်မှူမရှိဘူး၊ ကိုယ်ထူကိုယ်ထပဲ သင်နေရတယ်၊ ဒီအထက်တန်းကျောင်းကို သင်ကြားမယ့် ဆရာ/ဆရာမတွေကလည်း သူတို့လိုချင်တဲ့ လစာကို မပေးနိုင်လို့ မြို့ကိုတက်ပြီး ကျူရှင်သွားဖွင့်ကြတယ်၊ (Guide) သွားလုပ် ကြတယ်၊ ကျောင်းသားတွေကို သင်ကြားဖို့ ဆရာ/ဆရာမတွေကို ငှားလို့မနိုင်တဲ့အခါ ဒီကျောင်းမှာမနှစ်က အောင်သွားတဲ့ခလေးတွေကပဲ ဆရာလုပ်ပြီးသင်ရတယ် ” ဟု မွန်အမျိုးသားပညာရေးကော်မတီ အစီအစဉ်ညှိနှိုင်းရေးမှူး ဆရာမင်းအောင်ဇေက ပြောသည်။

    အောင်ချက်များအရ ရေးမြို့နယ် အံဒင်အထက်တန်းကျောင်းမှ ၁ ဦး၊ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်အနီးရှိ ညီစားအထက်တန်းကျောင်းမှ ၆ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကဘာအထက်တန်းကျောင်းမှ ၄ ဦး အသီးသီးအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

    ဆရာမင်းအောင်ဇေက “ဒီလိုမျိုးအောင်ချက်မကျအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ လတ်တလောသင်ကြားနေတဲ့ ဆရာ/ဆရာမအားလုံးကို ဘာသာရပ်အလိုက် တတ်နိုင်ရင် တတ်နိုင်သလောက် သင်တန်းတွေ ပို့ချပေးရမယ် သင်တန်းကနေ သေချာစွာ သင်ကြားတတ်လာမှ ကျောင်းသားတွေကို သင်ကြားရမယ် ပြီတော့ ကျောင်းသားတွေကို ကျောင်းစာသင်ချိန်မှာလည်း သေသေချာချာသင်ပေးရမယ် ညစာကြည့်စခန်းလည်း အချိန်များများလုပ်ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

    မွန်အမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသားများသည် ၁၉၉၆ ခုနှစ်မှစတင်၍ အစိုးရတက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ရရှိခဲ့ပြီး လက်ရှိကာလအထိ ကျောင်းသူကျောင်းသား ၄၀၀ ဦးခန့် အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    ယခုနှစ် တိုင်းနှင့်ပြည်နယ်အလိုက်အောင်ချက်များတွင် မွန်ပြည်နယ်က ၃၇ ဒဿမ ၅၄ ရာခိုင်နှူန်းဖြင့် ပထမ၊ မန္တလေးတိုင်း ၃၆ ဒဿမ ၁၃ ရာခိုင်နှူန်းဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်း ၃၄ ဒဿမ ၁၅ ရာခိုင်နှူန်းဖြင့် တတိယနေရာတွင် ရှိနေသည်။


    Photo- မွန်ကျောင်းသူ/သားများ (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks