spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းလမိုင်း Online ငွေကြေးပြဿနာ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် လုံနယ်ဝန်ကြီးတိုက်တွန်း

    လမိုင်း Online ငွေကြေးပြဿနာ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် လုံနယ်ဝန်ကြီးတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၅)

    မွန်ပြည်နယ် လမိုင်းမြို့တွင်ဖြစ်ပေါ်ခဲ့သော တရားမဝင် Online ငွေစုငွေချေးလေလံမဲပြဿနာနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ယမန်နေ့တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

    ဝန်ကြီးက“ဒါနဲ့ပတ်သက်ပြီးတော့မှ တရားဥပဒေအရပဲ ကျနော်တို့ဆက်လက်ဆောင်ရွက်ပါ့မယ်၊ တိုင်တဲ့လူရှိရင် တိုင်တဲ့အတိုင်း ကျနော်တို့အမှုဖွင့်ပေးပါမယ်၊ တရားရေးမှာ သွားပါ ရင်ဆိုင်ပါ၊ အုပ်ချုပ်ရေးအပိုင်းလည်း ညှိပေးတာမဟုတ်ဘူး ရဲအပိုင်းလည်း ညှိပေးတာမဟုတ်ဘူး” ဟု ပြောသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ဇွန်လ ၄ ရက်နေ့ကကျင်းပခဲ့ရာတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

    “ကျနော်စကားတောင်မှ ပြင်းပြင်းထန်ထန်လေး အုပ်ချုပ်ရေးအဖွဲ့တွေကော ရဲအဖွဲ့တွေကိုပါ ပြောခဲ့တယ်၊ ရဲတို့အုပ်ချုပ်ရေးတို့ဟာ ပွဲစားမဟုတ်ပါဘူး၊ ဥပဒေကိုကာကွယ်စောင့်ရှောက်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်၊ သည့်အတွက်ကြောင့် အုပ်ချုပ်ရေးအပိုင်းက လုပ်သင့်လုပ်ထိုက်တာသည် နှစ်ဖက်ကို ကျနော်တို့ကပြောရမှာ၊ ဖြစ်သွားတဲ့ပြဿနာမှာ အုပ်ချုပ်ရေးအပိုင်းက ဥပဒေမှာဘယ်လိုဆောင်ရွက်လို့ရမယ်ဆိုတဲ့အပိုင်းကို ပြောပေးရမယ်၊ ညှိတာမညှိတာ ကျနော်တို့အလုပ်မဟုတ်ဘူး” ဟု ဝန်ကြီးက ရှင်းပြသည်။

    လက်ရှိတွင် လမိုင်းမြို့ မြို့မ(၂) ရပ်ကွက်တွင် ငွေစုဒိုင်အဖြစ်လုပ်ကိုင်သူ မိခိုင်ယဉ်မွန်တို့လင်မယားနှစ်ဦးကို ရေးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုပုဒ်မ (၄၀၆)၊ လိမ်လည်မှုပုဒ်မ (၄၂၀) နှင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဂ) တို့ဖြင့် စုကြေးငွေထည့်ဝင်ထားသူများက အမှု ၃၀ ခန့် တရားစွဲဆိုတိုင်ကြားထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းအရ သိရသည်။

    အငြိမ်းစား မွန်ပြည်နယ် ဥပဒေချုပ် နိုင်ဝင်းကြည်က “အခုလမိုင်းပြဿနာက အများပြည်သူ စိတ်ဝင်စားတဲ့သတင်း ဖြစ်နေတယ်၊ လုံနယ်ဝန်ကြီးပါ သွားပြီးတော့ ကွင်းဆင်းပြောရတယ်ဆိုတော့ ဟိုးအပေါ်အထိ အရေးတယူလုပ်ရမှာ မလုပ်လို့မရဘူး၊ မလုပ်ရင်ပိုကြီးထွားလာမယ်လေ၊ သေချာတာကတော့ အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေနဲ့ ပိုငြိတယ်၊ နောက်တစ်ခုက သူတို့စစ်ချက်တွေ ဘာတွေအရ တနည်းအားဖြင့်ပြောရင် ဘဏ်လိုမျိုးများသူတို့လုပ်နေတာရှိလားပေါ့၊ စစ်ချက်တွေပေါ်မူတည်ပြီးတော့ ဥပဒေအရှာရှိက ရွေးရဦးမယ်လေ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့ပြင် ငွေလက်ခံဒိုင် ၂ ဒိုင်ရှိသည့်အနက် မိငြိမ်းချမ်းဒိုင်ဘက်က အစုထည့်ဝင်သူ၏ ငွေ ၈ ရာခိုင်နှုန်းကိုလျှော်ပေးခဲ့ပြီးဖြစ်သော်လည်း ငွေထည့်ဝင်သူများအနေဖြင့် ကျန်ရှိသောငွေကြေးများအတွက် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း မွန်ပြည်နယ် အမှတ်(၇) မဲဆန္ဒနယ်မြေ(ရေးမြောက်ပိုင်း) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟက ဆိုသည်။

    နိုင်သီဟ “ဒိုင်နဲ့ ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆူပူမှုမဖြစ်အောင် ကျနော်တို့ကြားကနေ ဝင်ပြီးတော့ ထိန်းပြီးတော့ ကျနော်တို့ခွဲပေးတာပေါ့နော်၊ အဲဒီလိုခွဲပေးတော့ ၈ ရာခိုင်နှုန်းတော့ ရပြီးပြီ၊ ရပြီးတဲ့အခါကျတော့ ခုထည့်ဝင်တဲ့လူတွေကို ကျနော်တို့ဘယ်လို ပြောထားသလဲဆိုတော့ အကယ်၍များ ထည့်ဝင်ထားတဲ့ငွေတွေကို ဒီထက်မက လိုချင်တယ်ဆိုလို့ရှိရင် ဥပဒေလမ်းကြောင်းအရ သွားလို့ရတယ်လို့ အဲဒီလိုမျိုးတော့ ကျနော်တို့လမ်းကြောင်း ဖွင့်ပေးထားတာရှိတယ်” ဟု ပြောသည်။

    ထို့အတူ Online ငွေစုငွေချေးလေလံမဲလုပ်ငန်း၏ ဒိုင်ချုပ်ဆိုသူကို နေပြည်တော်၌ ဖမ်းဆီးရမိထားပြီး မိငြိမ်းချမ်းက တရားစွဲဆိုရန်ပြင်ဆင်နေသည်ဟု နိုင်သီဟကပြောကြားခဲ့သော်လည်း မွန်သတင်းအေဂျင်စီမှ သီးခြားအတည်မပြုနိုင်သေးပေ။


    Photo-မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး ရှင်းလင်းပြောကြားစဉ် (မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks