Tuesday, April 14, 2026
More
    spot_img
    Homeသတင်းမီဒီယာတွေ ပြည်သူနှင့်အစိုးရကြား တိုက်ပေးနေသည်ဟု မွန်လုံနယ်ဝန်ကြီးစွပ်စွဲ

    မီဒီယာတွေ ပြည်သူနှင့်အစိုးရကြား တိုက်ပေးနေသည်ဟု မွန်လုံနယ်ဝန်ကြီးစွပ်စွဲ

    -

    ရွှေရိုး(မော်လမြိုင်၊ ဇွန် ၅)

    မီဒီယာတွေက ပြည်သူနှင့် အစိုးရကြားတွင် တိုက်ပေးနေသည့် သဘောသက်ရောက်နေသည်ဟု ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက စွပ်စွဲပြောဆိုလိုက်သည်။

    မွန်ပြည်နယ်အစိုးရ၏ တတိယနှစ်(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက သထုံမြို့ရှိ ဘေးတွဲဆိုင်ကယ်များကို အရေးယူပေးရန် အစီစဉ်ရှိမရှိ မေးမြန်းရာတွင် လုံနယ်ဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဝန်ကြီးက “ဒါနဲ့ပတ်သက်ပြီးတော့မှ ခုနကလိုပေါ့ မီဒီယာကလည်း ကျွန်တော်ကိုမေးတယ်၊ ဟိုကလည်း ကျွန်တော်ကို Camera ဝိုင်းရိုက်နေကြတယ်။ အရေးယူဖို့ အစီစဉ်ရှိ မရှိဆိုတာကို အရေးယူလို့ကို ရနေတယ်။ သို့ပေမယ့်လည်း လုပ်လိုက်တဲ့အချိန်ကျရင် ပြည်သူလူထုရဲ့ စားဝတ်နေရေး ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတဲ့ ခင်ဗျားတို့က တစ်မျိုးတစ်ခါပြန်ပြီး ပြောလာကြအုန်းမယ်။ ဒီကြားထဲကနေပဲ မီဒီယာတွေက ကစားသွားပြီးတော့မှ သူတို့ပဲ အခွင့်အရေးတွေ ရသွားတယ်။ ပြည်သူနဲ့ အစိုးရကြား တိုက်ပေးတဲ့သဘောမျိုးပဲ သက်ရောက်လာတယ်။ ဒီလိုမျိုးပဲ ခဏခဏဖြစ်တယ်”ဟု ပြောသည်။

    ဘေးတွဲဆိုင်ကယ် ပုံစံပြောင်းဖြစ်နေသောကြောင့် မည်သည့်ကုမ္ပဏီကမှ အာမခံချက်ပေးထားခြင်းမရှိသည့်အတွက် ဥပဒေအရ အရေးယူ ဖမ်းဆီးဆောင်ရွက်နိုင်ကြောင်း၊ အရေးယူပေးရန်မှာ မေးမြန်းသူ၏ သဘောဆန္ဒလား (သို့မဟုတ်) သုံးဘီးဆိုင်ကယ်အဖွဲ့သားများက တောင်းဆိုချင်သလား ပြတ်ပြတ်သားသားပြောဆိုပြီး တာဝန်ခံပေးမည့်သူရှိပါက ယခုချက်ချင်း သွားရောက်ဖမ်းဆီးနိုင်ကြောင်း ၎င်းက ဆိုသည်။

    ဧရာဝတီသတင်းထောက် ကိုဉာဏ်စိုးဝင်းက “မီဒီယာက ပြည်သူနဲ့ အစိုးရကြားရန်တိုက်ပေးတယ်ဆိုတာက ဒါက သူ့ဘက်က အမြင်၊ သူ့အမြင်ကိုတော့ မပြောလိုဘူး။ ဒါက သူ့စိတ်ခံစားချက်၊ ခုနကလို မီဒီယာအားလုံးကပဲ အစိုးနဲ့ ပြည်သူကြား ရန်တိုက်ပေးနေတယ်ဆိုတဲ့ သို့လောသို့လော ဖြစ်စေတဲ့ စကားအသုံးနှုန်းတွေကြတော့ သတိထားဖို့တော့ သင့်တာပေါ့။ အစိုးရအဖွဲ့မှာ တာဝန်ရှိတဲ့သူတစ်ဦးဖြစ်တဲ့အတွက် ဒီစကားကို သူက သတိထားသင့်တယ်”ဟု ပြောသည်။

    သို့ရာတွင် ပုသိမ်မြို့၌ ပြီးခဲ့သည့်မေလ ၂၂ ရက်က ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်က သတင်းမီဒီယာများအနေဖြင့် အစိုးရအဖွဲ့ ကောင်းတာ လုပ်လျှင် သတင်းတင်ပေးကြသလို မကောင်းတာ လုပ်လျှင်လည်း သတင်းများ ဖော်ထုတ်ရေးသားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

    ဝန်ကြီးချုပ် ဦးလှမိုးအောင်က “ကျနော်တို့ မဟုတ်တာ လုပ်ရင်လည်း တင်သာတင်လိုက်ပါ။ ဟုတ်တာ လုပ်ရင်လည်း ဟုတ်တဲ့ အတိုင်းတင်ပေးပါ။ အဓိကက မီဒီယာကဏ္ဍ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့က ကိုယ်လုပ်တာလည်း သိစေချင်တယ်။ မလုပ်တာကိုလည်း မီဒီယာများက ပြည်သူကို ချပြပါ။ ကျနော်တို့က ပြည်သူ့အားနဲ့ သွားတာ ဖြစ်လို့ ကျနော်တို့ အစိုးရနဲ့ လွှတ်တော်လုပ်ဆောင်ချက်က ပြည်သူ သိမှ ဖြစ်မှာပါ။ အဲဒီလို သိစေဖို့ အတွက်လည်း ကျနော်တို့က မီဒီယာကို အားကိုးပါတယ်” ဟု ပြောသည်။


    Photo- မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး (Mon State Government Office)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks