spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့ တရားမဝင် Online လေလံမဲပြဿနာတွင် ကျပ်သိန်းပေါင်းနှစ်သောင်းခန့် ပြန်လျှော်ပေးခဲ့

    လမိုင်းမြို့ တရားမဝင် Online လေလံမဲပြဿနာတွင် ကျပ်သိန်းပေါင်းနှစ်သောင်းခန့် ပြန်လျှော်ပေးခဲ့

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၃၁)

    မွန်ပြည်နယ်၊ လမိုင်းမြို၌ ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လေလံမဲပြဿနာတွင် ဒိုင်တစ်ဦးက ငွေကျပ်သိန်းပေါင်း နှစ်သောင်းနီးပါးခန့် ယခုရက်ပိုင်းတွင် ပြန်လျှော်ပေးခဲ့ကြောင်း လမိုင်းမြို့မ(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်ဝေက ပြောသည်။

    “ပထမအကြိမ်ရော ဒုတိယအကြိမ်ရော အွန်လိုင်းအပါအဝင် ပြန်လျှော်ပေးတာ စုစုပေါင်းငွေအားလုံး သိန်း ၂၀၀၀၀ နီးပါးလောက်ရှိတယ်”ဟု နိုင်ဝေက ဆိုသည်။

    သို့ရာတွင် ပထမအရစ် ငွေကျပ်သိန်း (၁၀၀) လျှင် (၆) သိန်းနှုန်း၊ ဒုတိယအရစ် ငွေကျပ်သိန်း (၁၀၀) လျှင် (၂) သိန်းနှုန်းဖြင့် မေလ ၂၆ နှင့် ၂၈ ရက်နေ့များ၌ နှစ်ရစ်ခွဲ၍ စုငွေထည့်ဝင်သူများအား ဒေါ်ငြိမ်းချမ်းမှ ၈ ရာခိုင်နှုန်းသာ ပြန်လျှော်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

    “ဒေါ်ငြိမ်းချမ်း(ဒိုင်) က ၈ ရာခိုင်နှုန်း ပြန်လျော်ပေးတယ်၊ သူတို့ဆီက ဘယ်လောက်ပဲရရ ပြန်ယူမှာပေါ့၊ ရသလောက်ယူမယ် ”ဟု စုငွေထုတ်ယူခဲ့သူ နိုင်ပရက ပြောသည်။

    ယင်းကဲ့သို့ Online လေလံမဲစုငွေထည့်ဝင်သူ ၆၅၀ ကျော်ခန့်ကို ဒေါ်ငြိမ်းချမ်း(ဒိုင်) က ငွေပေးလျော်ခဲ့သော်လည်း မိကျဲလိုင် (ခေါ်) မခိုင်ရည်မွန်(ဒိုင်) က ပေးလျှော်နိုင်ခြင်းမရှိသဖြင့် လုံခြုံရေးအရ လမိုင်းရဲစခန်း၌ ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။

    Online လေလံမဲစုငွေ၏ လုပ်ငန်းသဘောမှာ ကနဦး ငွေကျပ် (၅) သိန်းထည့်ဝင်ပြီး တစ်ပတ်ပြည့်ပါက တိုးရင်းပေါင်း ငွေကျပ် (၇) သိန်းရရှိကြောင်း၊ အထူးစုမဲ၊ အရေးပေါ်စုမဲစသည်ဖြင့် ပုံစံအမျိုးမျိုးရှိကြောင်း၊ ဥပမာ သိန်း (၁၀၀) ထည့်ပါက နောက်နှစ်ရက်တွင် ငွေကျပ်သိန်း (၁၂၀) ရရှိမည်ပုံစံလည်းရှိကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

    လမိုင်းမြို့၌ ငွေကျပ်သိန်းပေါင်း ၁၁ သောင်းခန့်ပြဿနာဖြစ်ပေါ်ခဲ့သော အဆိုပါ Online ငွေစုလေလံမဲကိစ္စတွင် IC Group ကို မခိုင်ရည်မွန်၊ NNCC Group ကို ဒေါ်ငြိမ်းချမ်းတို့ အုပ်စု ၂ ခုက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏နောက်ကွယ်၌ မည်သူမည်ဝါများ ပါဝင်ပတ်သက်နေကြသည်ကိုတော့ မသိရှိရသေးပေ။

    အဆိုပါ တရားမဝင် Online လေလံမဲပြဿနာကြောင့် လွန်ခဲ့သည့် မေလ ၂၂ ရက်နေ့ လမိုင်းမြို့ပေါ်၌ လူစုလူဝေးများ ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ပြီး ဒိုင်နှင့်ပတ်သက်သည့် ဆွေမျိုးအိမ်များ ၈ လုံးခန့် ဖျက်ဆီးခံရသည့်အပြင် ငွေကြေးပစ္စည်းများပါလုယက်ခံရသည့်အတွက် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ ၁၀၀ ခန့် ဝင်ရောက်ထိန်းသိမ်းခဲ့သလို အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာပါက မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပစ်မိန့်ပေးထားသည်ဟု သတင်းရရှိသည်။

    အဆိုပါ လေလံမဲပြဿနာဖြေရှင်းရန် ကော်မတီတစ်ခုဖွဲ့စည်းခဲ့ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟ၊ သောင်ပြင်၊ မော့ကနင်၊ ကော့ဒွတ်၊ တောင်ပုံ၊ ကုလားဂုတ် စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး (၈) ဦးခန့်ပါဝင်ကြောင်း သိရသည်။


    Photo-ဒိုင်တစ်ဦး၏ နေအိမ်ရှေ့၌ ရဲတပ်ဖွဲ့လုံခြုံရေးပေးထားစဉ်
    (Mawkanin News)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks