spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့ ငွေစုမဲလေလံဒိုင်ဆွေမျိုးတစ်ဦးအား လက်နက်ဖြင့်အတင်းအကြပ်ခေါ်ဆောင်သွားသူ ၃ ဦးကိုဖမ်းဆီးရမိ

    လမိုင်းမြို့ ငွေစုမဲလေလံဒိုင်ဆွေမျိုးတစ်ဦးအား လက်နက်ဖြင့်အတင်းအကြပ်ခေါ်ဆောင်သွားသူ ၃ ဦးကိုဖမ်းဆီးရမိ

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၂၄)

    မွန်ပြည်နယ်၊ လမိုင်းမြို့တွင် ငွေစုမဲလေလံဒိုင်ဆွေမျိုးတစ်ဦးအား ယမန်နေ့ညက လက်နက်ဖြင့်အတင်းအကြပ်ခေါ်ဆောင်သွားသူ (၃) ဦးကို ဖမ်းဆီးရမိပြီး လမိုင်းမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း လမိုင်းမြို့လုံခြုံရေးအဖွဲ့မှ ဦးဗိုလ်သောင်းက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

    “ညက ၉ နာရီကျော်ကျော်လောက်မှာ မလျှော်နိုင်တဲ့ဒိုင်ဘက်က ဆွေမျိုးတွေကို ပြန်ပေးလို အတင်းဝင်ပြီးတော့ ဆွဲခေါ်ဖမ်းတယ်။ လုံခြုံရေးအဖွဲ့တွေ လိုက်ရှာနေရာတယ်၊ သူတို့ငွေလာပြန်ယူတဲ့အချိန်မှာ ၃ ယောက်မိတယ်။ ကျန် ၁ ယောက်လွတ်သွားတယ်။ ကားလဲ မိထားတယ်”ဟု ဦးဗိုလ်သောင်းက ဆက်ပြောသည်။

    ထို့အတူ လမိုင်းမြို့တွင် မဲထည့်သူများနှင့် စုမဲငွေလက်ခံသူများအကြား လတ်တလောအငြင်းပွားမှုပြဿနာများနှင့် ပတ်သက်၍ ခြိမ်းခြောက်လုယက်သူများဖြစ်သည့် စိုးလင်း(၃၆)နှစ် (ဘ) ဦးရှိန်၊ မော့ကနင်ကျေးရွာ။ ဦးအောင် (၅၅)နှစ် (ဘ) ဦးအုန်းစိန် လမိုင်းမြို့မ (၃)ရပ်ကွက်။ စိုးလှိုင် (၄၆)နှစ် (ဘ) ဦးမိုးအေး၊ မော့ကနင်ကျေးရွာ၊ လမိုင်းမြို့နေသူ (၃) ဦးတို့အား လုံခြုံရေးဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် လမိုင်းမြို့ ဝိသုကမ္မပရဟိတ လူငယ်အဖွဲ့တို့ တွေ့ရှိ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်း၌ ဖော်ပြသည်။

    “သူတို့ပထမလာလာခေါ်ချင်းမှာတော့ လူ ၈ ယောက်လောက်ရှိတယ်။ လက်ထိပ်ခတ်ပြီးတော့ ဖမ်းခေါ်သွားတယ်။ ထိုးကြိတ်ခံထားရတဲ့အပြင် ဗိုက်မှာလည်း ဓါးနဲ့မွှန်းခံထားရတယ်၊ အိမ်အိပ်ခန်းထဲမှာ ပိုက်ဆံအိတ်တစ်အိတ်ရှိတယ်ဆိုပြီး လာပြန်ရှာရင်း ဖမ်းမိခဲ့တာ” ဟု ဦးဗိုလ်သောင်းက ဆက်ပြောသည်။

    ရဲမှတ်တမ်းဖော်ပြစာအရ မေလ ၂၃ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် လမိုင်းမြို့ မြို့မ (၂)ရပ်ကွက်၊ ဗညားဒလလမ်းနေ ဦးဖေဆန်း(၅၉)နှစ် (ဘ) ဦးစံသိန်း၏ နေအိမ်သို့ Toyota Hilux အမျိုးအစား အပြာရောင် ယာဉ်အမှတ် ၃ခ/၅၉၈၁ မော်တော်ယာဉ်ဖြင့် အမည်မသိ အမျိုးသား(၄) ဦး ရောက်ရှိလာခဲ့ပြီး ဦးဖေဆန်းအား ပိုက်ဆံတွေရှိသလားဟု မေးမြန်းခဲ့ကြောင်း၊ ဦးဖေဆန်းက မရှိကြောင်း ပြန်လည်ပြောကြားခဲ့ရာ ၎င်းတို့မှ ဦးဖေဆန်းအား ကားပေါ် တင်ဆောင်၍ လမိုင်းမြို့မှ (၃)ဖာလုံခန့်အကွာ မော့ကနင်ကျေးရွာအနီးရှိ ရာဘာခြံသို့ ခေါ်ဆောင်ကာ ခြိမ်းခြောက်၍ လက်သီးဖြင့် (၅)ချက်ခန့် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးရမိသူများထံမှ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် အရှည်(၉) လက်မအရွယ်ရှိ ကလေးကစားသည့် ပစ္စည်းတိုသေနတ် (၁)လက်၊ အရိုးအသွား(၁၈)လက်မခန့်ရှိ ဓားမြောင်(၁)ချောင်း၊ အရိုးအသွား (၉)လက်မခန့်ရှိ ဓားမြောင် (၁)ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ ခြိမ်းခြောက်လူယက်မှု ကျူးလွန်သည့် စိုလင်း၊ ဦးအောင်၊ စိုးလှိုင်၊ ကျော်ခိုင် တို့အပေါ် လမိုင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    လက်ရှိတွင် လမိုင်းမြို့ပေါ် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ဆရာတော်များ၏ အကြံပြုချက်နှင့် လမ်းညွှန်ချက်အရ ရဲတပ်ဖွဲ့ဝင်များ၊ လမိုင်းမြို့လူမှုအဖွဲ့အစည်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား (၁၅၀) ခန့် လုံခြုံရေးဆောင်ရွက်နေလျက်ရှိကြောင်း တွေ့ရသည်။

    Photo- သိမ်းဆည်းရမိသော လက်နက်ကရိယာများ(MNA)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks