spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ဝန်ကြီးချုပ်ကို လာရောက်စစ်ဆေးခြင်းမဟုတ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆို

    မွန်ဝန်ကြီးချုပ်ကို လာရောက်စစ်ဆေးခြင်းမဟုတ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆို

    -

    ရွှေရိုး (မော်လမြိုင်၊ မေ-၂၂)

    မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ယမန်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများ လာရောက်ခြင်းသည် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို လာရောက်စစ်ဆေးခြင်း မဟုတ်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင် အသိပညာပေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

    ဦးထွန်းထွန်းဝင်းက “ကျွန်တော်တို့က စစ်ဆေးရေးဋ္ဌာနမဟုတ်ပါ၊ ကျွန်တော်တို့က အသိပညာပေးတဲ့ဋ္ဌာနဖြစ်တယ်။ ကျွန်တော်တို့က အမှုစစ်ဋ္ဌာနမဟုတ်တော့ အဲဒီကိစ္စကို အသေအချာမသိပါဘူး”ဟု ပြောသည်။

    နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များတို့ မေလ ၂၁ ရက်နေ့ တွေ့ဆုံမှုအပြီး “လွှတ်တော်တွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးမေးမြန်းသွားဖို့ ရှိပါသလား”ဟု သတင်းမီဒီယာများက မေးမြန်းရာတွင် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ မွန်ပြည်နယ်တွင် ဦးစီးကျင်းပမည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိစ္စကို ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ရှင်းပြသည်။

    “လက်ရှိကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ကို အကြိုလာရောက်ညှိနှိုင်းတာပေါ့နော်၊ ဘယ်နေ့လောက်လုပ်မလဲ၊ အစီအစဉ်တွေ ဘယ်လိုသွားမလဲ၊ ဘယ်နှစ်ရက်လောက်လုပ်မလဲ၊ ဒါကို ကြိုတင်လာပြီးတော့ ညှိနှိုင်းတာပါ”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

    ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ထောက်ပံံ့ပေးသည့် ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ဝင်တစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ အရပ်ဘက်အဖွဲ့အစည်းမှတစ်ဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပညာရှင်နှစ်ဦးတို့ဖြင့် ဦးဆောင်ဆွေးနွေးသွားမည်ဟု သိရသည်။

    အလားတူ အဂတိလိုက်စားမှု ကာကွယ်တားဆီး ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကချင်၊ မကွေး၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ပြီး လာမည့် ဇွန်လအတွင်း မွန်နှင့် ကရင်ပြည်နယ်တို့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

    မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက စတင်ပြဋ္ဌာန်းခဲ့သည်။


    Photo- အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တာဝန်ရှိသူများနှင့် မွန်ပြည်နယ်အစိုးရတို့ တွေ့ဆုံစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks