spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်နှင့် မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

    မွန်ပြည်သစ်နှင့် မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

    -

    ရွှေရိုး(မော်လမြိုင်၊ မေ-၂၂)

    အမျိုးသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) နှစ်ဖက်ခေါင်းဆောင်များတို့ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးမှု နည်းပညာအထောက်အကူပြုအဖွဲ့(TAT) ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    “၂၀၁၆ ခုနှစ်တုန်းက ကော့ပေါလော မွန်အမျိုးသားညီလာခံမှာ ဆုံးဖြတ်ချက်ချထားတာရှိတယ်။ မွန်နိုင်ငံရေးပါတီတွေ မွန်လူမှုအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ အစုအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ နှစ်ပါတီက တွေ့ဆုံတာပါ”ဟု မွန်ပြည်သစ်ပါတီ အထွေအတွင်းရေးမှူး နိုင်အောင်မင်းက ဆိုသည်။

    အနာဂတ်မွန်အမျိုးသားရေးကိစ္စရပ်များအတွက် မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအဖွဲ့အဖွဲ့အစည်းများ စသည့် ကဏ္ဍအားလုံးပူးပေါင်းပါဝင်မည့် အစုအဖွဲ့တစ်ခုကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    အလားတူ “ကော့ပေါလော ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ အားလုံးပူးပေါင်းပါဝင်မည့် အစုအဖွဲ့ကို အကောင်အထည်ဖော်ဖို့အတွက်ပဲ၊ အဲဒါကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရေးဆွဲမလဲဆိုတာကို တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

    အဆိုပါအစုအဖွဲ့ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် စည်းမျဉ်းများရေးဆွဲရာတွင် ပါဝင်သင့်သည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရန် မကြာမီ ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ယခင်ကာလများတွင် မွန်နှစ်ပါတီပေါင်းစည်းကိစ္စရပ်များ၊ မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးခဲ့သေးသဖြင့် ၂၀၁၆ ခုနှစ်က မွန်အမျိုးသားညီလာခံဆုံးဖြတ်ချက်များကို ယခုအချိန်မှ အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း နိုင်လယိတမက ဆိုသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်းနှင့် နိုင်လဝီမွန်၊ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမ၊ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်၊ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီနှင့် နိုင်အောင်မွန်တို့က ပါဝင်တက်ရောက်ကြသည်။

    ထို့ပြင် ညနေပိုင်းတွင် အဆိုပါ မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင်များနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း CSO ခေါင်ဆောင်များနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


    Photo-NMSP နှင့် MUP ခေါင်းဆောင်များတွေ့ဆုံပွဲ(MNA)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks