spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့တွင် လေလံမဲမသမာမှုမကြေနပ်သောလူစုက နေအိမ်အချို့ဝင်ရောက်ဖျက်ဆီး ရွှေငွေပစ္စည်းများလုယက်နေခြင်းကို အာဏာပိုင်များဝင်ရောက်ဟန့်တားနိုင်ခြင်း မရှိသေး

    လမိုင်းမြို့တွင် လေလံမဲမသမာမှုမကြေနပ်သောလူစုက နေအိမ်အချို့ဝင်ရောက်ဖျက်ဆီး ရွှေငွေပစ္စည်းများလုယက်နေခြင်းကို အာဏာပိုင်များဝင်ရောက်ဟန့်တားနိုင်ခြင်း မရှိသေး

    -

    မွန်သတင်းအေဂျင်စီ (မေ- ၂၂)

    ရေးမြို့နယ်၊ လမိုင်းမြို့ပေါ်တွင် ငွေစုငွေချေးလေလံမဲလုပ်ငန်း မသမာမှုကိုကြေနပ်ခြင်းမရှိသော ရာနှင့်ချီအင်အားရှိသည့်လူစုက ငွေစုဒိုင်နှင့်ပတ်သက်သူ ဆွေမျိုးနေအိမ်များအား မေလ ၂၂ ရက် နေ့လည်ပိုင်းက ဝင်ရောက်ဖျက်ဆီး၍ ရွှေငွေပစ္စည်းများဝင်ရောက်လုယက်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များက ဝင်ရောက်ဟန့်တားနိုင်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

    လမိုင်းမြို့သို့ ခေတ္တရောက်ရှိခဲ့သူ ရေးတော်ဝင်အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “အခုဟာက ငွေစုဒိုင်နဲ့ ပါဝင်ပတ်သက်နေတဲ့ ဆွေမျိုးတွေအိမ် တအိမ်ပြီးတစ်အိမ် ဝင်ဖောက်ပြီးတော့မှ လူအုပ်နဲ့ဝိုင်းပြီးလုနေတဲ့ ပုံစံဖြစ်နေတာပေါ့၊ တချို့ဆွေမျိုးတွေအိမ်မှာ တကယ့်ပိုက်ဆံအထုပ်တွေအများကြီး တွေ့ရတာပေါ့၊ တချို့ကြုံရာလူတွေ ဝင်ရဲတဲ့လူတွေက ဆွဲပြီးယူကြတာပေါ့၊ ပွင့်ပွင့်လင်းလင်းပြောရင် ရဲက ဟိုဖမ်းထားတဲ့ ၂ ယောက်(ငွေစုဒိုင်လင်မယား) ကာကွယ်ပေးတာကလွဲရင် မည်သည့်ဟာကိုမှ ကာကွယ်တားဆီးခြင်း တစ်ခုမှမလုပ်နိုင်သေးဘူး ဖြစ်နေတယ်” ဟု ယနေ့ညနေ ၆ နာရီအချိန်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လတ်တလောတွင် ငွေစုဒိုင်နှင့်ပတ်သက်သောဆွေမျိုးအိမ် ၈ အိမ်ခန့် ဖျက်ဆီးခံရပြီး လက်ရှိတွင်လည်း အခြားနေအိမ်တစ်အိမ်ကို ဖောက်ဝင်နေကြောင်း၊ မည်သူမှ အကာအကွယ်မပေးနိုင်သဖြင့် နေအိမ်ရှိလူများ ကိုယ်လွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ လမိုင်းမြို့ ခေတ္တလာရောက်သူ သံဖြူဇရပ်မြို့မှ ကိုလင်းလင်းခိုင်က “ ကျနော် Live လွှင့်တဲ့အချိန်မှာပေါ့ ငွေစုဒိုင်နဲ့ ဆိုင်တဲ့အမျိုးအိမ်တွေကို လူစုကလိုက်ရှာတယ်၊ လိုက်ရှောက်ဖျက်တယ်၊ ဘယ်နေရာမှာ ရှိနိုင်တဲ့နေရာ ထင်တဲ့နေရာ မျက်နှာကျက်တွေဖောက်တယ်၊ ကြမ်းခင်းတွေဖောက်တယ်၊ အဲဒါတွေကို ရဲတွေဘာလုံခြုံရေးမှ မပေးနိုင်ဘူး” ဟု ယနေ့ ညနေ ၅ နာခွဲအချိန်ခန့်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အာမခံချက်မရှိ၍ လိမ်လည်နိုင်သည့်အနေအထားရှိသော ငွေစုငွေချေးကိစ္စတွင် မိမိတို့လောဘဖြင့် မိမိတို့ထည့်ဝင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခုလုပ်ရပ်တွင် ဆိုင်သည့်လူရော မဆိုင်သည့်လူပါ ဝင်ရောက်လုယက်နေသည့်ကိစ္စမှာ မင်းမဲ့စရိုက်ဆန်လွန်းသည်ဟု မိမိပြောလိုကြောင်း ကိုလင်းလင်းခိုင်က ဆက်ပြောသည်။

    သို့ရာတွင် “ကျနော်တို့အာဏာပိုင်တွေ ရဲတွေကတော့ မီးရှို့တာတွေမလုပ်ဖို့ လူ့အသက်ရန်မရှာဖို့ကိုပဲ အဓိကထားတယ်၊ ဒီလိုထောင်နဲ့ချီပြီးရှိတဲ့လူအုပ်ကို ဘယ်လိုမှမတားဆီးနိုင်ဘူး” ဟု လမိုင်းမြို့ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး နိုင်ဝေက ပြောသည်။

    အဆိုပါ မသမာမှုဖြစ်ပေါ်ခဲ့သော ငွေစုငွေချေးလေလံမဲလုပ်ငန်း ငွေစုဒိုင် ၂ ဦးအနက် တစ်ဦးမှာညှိင်းမှုအဆင်ပြေခဲ့သဖြင့် ပြဿနာမပေါ်ပေါက်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာရသည်ဟု ၎င်းက ဆိုသည်။

    အဆိုပါ ငွေစုဒိုင်လင်မယားနှစ်ဦးသည် ယနေ့နေ့လည်ပိုင်းက နေအိမ်မှထွက်ပြေးစဉ် လူစုကပိတ်ဆို့ရိုက်နှက်သဖြင့် အမျိုးသမီးဖြစ်သူမျက်နှာနေရာအချို့တွင် ဒဏ်ရာအနာတရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့စောင့်ရှောက်ပေးထားရကြောင်း Facebook ပေါ်၌ တွေ့ရှိရသည်။

    လမိုင်းမြို့ပေါ်တွင် လတ်တလောမင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ကိုင်တွယ်ဆောင်ရွက်သွားမည်ကို သက်ဆိုင်ရာ အစိုးရအာဏာပိုင်များမှ တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။



    Photo- ငွေစုဒိုင်နှင့်ပတ်သက်သူ ဆွေမျိုးများနေအိမ်တစ်အိမ်ကို
    လူစုဝင်ရောက်ခဲ့စဉ်(Tin Myo Aung FB)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks