spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်း(၂၀) ကြိမ်မြောက် နွေရာသီမွန်ဒေသလုံးဆိုင်ရာစာမေးပွဲတွင် ကျောင်းသား ၁၄၀၀ ကျော် ဝင်ရောက်ဖြေဆို

    (၂၀) ကြိမ်မြောက် နွေရာသီမွန်ဒေသလုံးဆိုင်ရာစာမေးပွဲတွင် ကျောင်းသား ၁၄၀၀ ကျော် ဝင်ရောက်ဖြေဆို

    -

    ရူပါဗလွဲ( မော်လမြိုင်၊ မေ-၂၂)

    မော်လမြိုင်မြို့၊ တောင်ပေါ်တန်း မွန်သာသနာ့ဗိမာန်တော် ၂၅၀၀ ၌ ကျင်းပသည့် (၂၀) ကြိမ်မြောက် နွေရာသီ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် ကျောင်းသား ၁၄၃၀ ဦးတိတိ မေလ ၂၁ ရက်နေ့က ဝင်ရောက်ဖြေဆိုခဲ့ကြောင်း တွေ့ရှိရသည်။

    ယခုနှစ် နွေရာသီမွန်စာပေသင်တန်းကို (၁၈) မြို့နယ်ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်မြို့နယ်လျှင် ထူးချွန်ကျောင်းသား ကျောင်းသူအများဆုံး (၉၀) ဦးကို အဆိုပါ မွန်ဒေသလုံးဆိုင်ရာစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုသော်လည်း အရေအတွက်မပြည့်ခဲ့ဟု မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး နိုင်မွန်ရာဇာက ဆိုသည်။

    နိုင်မွန်ရာဇာက “ယဉ်ကျေးမှု၊ မွန်ဓလေ့နဲ့မွန်မှုတွေကို ပေါ်ထွန်းလာအောင် ဖော်ထုတ်ရမယ် ဒါကတစ်ချက်၊ နောက်တစ်ချက်ကတော့ ဒီမွန်ဒေသလုံးဆိုင်ရာ စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းအားဖြင့် မွန်စာပေမှာ ထူးချွန်နေတဲ့ ကျောင်းသားကျောင်းသူတွေအချင်းချင်း ရင်းနှီးကျွမ်းဝင်စွာ တွေ့ဆုံနိုင်ကြမယ်” ဟု ပြောသည်။

    နွေရာသီမွန်စာပေသင်တန်းကို သင်ကြားခြင်းအားဖြင့် ယနေ့ခေတ် မွန်လူငယ်များက မွန်နာမည် သတ်မှတ်လာခြင်း၊ မွန်ရိုးရာဝတ်စုံဝတ်စားဆင်ယင်မှု ပိုမိုတွင်ကျယ်လာခြင်း၊ လူမှုကွန်ရက်စာမျက်နှာနှင့် အချင်းချင်းစကားပြောဆို ဆက်သွယ်ကြရာတွင် မွန်စာပေဘာသာစကား အသုံးများလာကြောင်း ၎င်းက ဆက်ပြောသည်။

    ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ စာမေးပွဲလာရောက်ဖြေဆိုသူ မိနွန်ကေစွမ်းက “စာမေးပွဲလာဖြေတာက မွန်စာကိုကောင်းကောင်း တတ်ချင်တယ်၊ မွန်စကားကောင်းကောင်း ပြောတတ်ချင်တယ် ပြီးတော့ ကိုယ့်လူမျိုးကို ကိုယ်ချစ်လို့ မွန်စာပေကို သင်ကြားတာဖြစ်ပါတယ်”ဟု ဆိုသည်။

    အဆိုပါစာမေးပွဲတွင် မွန်စာပေရေးရာ၊ ရိုးရာဓလေ့များ၊ အဘိဓမ္မာဆိုင်ရာ၊ ဟံသာဝတီသမိုင်း၊ မုတ္တမသမိုင်းနှင့် သုဝဏ္ဏဘုမ္မိသမိုင်း စသည်အတန်း ၆ ခုခွဲထား၍ နှစ်အလိုက်တစ်ခုချင်းစီဖြေဆိုကြခြင်း ဖြစ်သည်။

    အလားတူ ဆုပေးပွဲအခမ်းအနားကို လာမည့် မေလ (၂၈) ရက်နေ့တွင် ရေးမြို့နယ် အဘော်ကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ထံမှ သိရသည်။


    Photo-မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ
    ဖြေဆိုစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks