spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဈေးသူဈေးသားများ၏ သဘောဆန္ဒရယူခြင်းမရှိသည့် ရွှေမြိုင်သီရိဈေး အသစ်ပြန်ဆောက်ခြင်းကို သဘောမတူ ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာပေးပို့ခဲ့

    ဈေးသူဈေးသားများ၏ သဘောဆန္ဒရယူခြင်းမရှိသည့် ရွှေမြိုင်သီရိဈေး အသစ်ပြန်ဆောက်ခြင်းကို သဘောမတူ ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာပေးပို့ခဲ့

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၁၇)

    ဆန္ဒသဘောထားများကို ကြိုတင်ရယူထားခြင်းမရှိသဖြင့် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိဈေးဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ခြင်းကို ဈေးသူဈေးသားများ သဘောမတူကြောင်း မေလ ၁၅ ရက် နေ့စွဲဖြင့် မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာပေးပို့ခဲ့သည်ဟု သတင်းရရှိသည်။

    “ကျွန်မတို့ ဈေးကို ဖျက်မယ်ဆိုတာကို ဘာမှ မသိရဘူး၊ ဝန်ကြီးပထမတစ်ခေါက်လာတုန်း ကိုယ်ဘာမှမသိရဘူး။ ဝန်ကြီးပြန်သွားတော့ သူများပြောတာ ဒီဈေးကို ဘယ်နှစ်လပိုင်းမှာ ဖျက်မယ်ပေါ့၊ အဲဒီလိုကြားရတော့ ကျွန်မတို့ရင်မှာ အရမ်းပူလောင်ခံစားရတယ်”ဟု ရွှေမြိုင်သီရိဈေးရောင်းနေသူ ဒေါ်မိမိထွန်းက ပြောသည်။

    ရွှေမြိုင်သီရိဈေးကို ဖျက်သိမ်း၍ အသစ်ပြည်လည်ဆောက်လုပ်ချိန်၌ မိုးတွင်းကာလရေဝပ်သည့်နေရာတွင် ယာယီဈေးသတ်မှတ်ပေးထားခြင်း၊ မိမိတို့ဈေးဆိုင်ခန်းပြန်ရမည့်အချိန်ကိုလည်း အတိအကျမသိရှိရခြင်းကြောင့် အဆင်မမြေမှုများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ဈေးသူဈေးသားများက ဆိုသည်။

    “ဒီဈေးဆိုင်ခန်းကို ကျွန်မတို့ လေလံဆွဲထားတာ အကောင်းကြီးပဲရှိနေသေးတယ်။ ဒီဈေးဒီလောက်ဖြစ်ဖို့က ကျွန်မတို့စုဆောင်းထားတဲ့ပိုက်ဆံတွေမနည်းဘူး။ ဒီဈေးက ဆင်းရဲသားဈေး၊ ရပ်ကွက်ဈေးပဲ။ ဒါကြောင့် ကျွန်မတို့ အဖျက်မခံနိုင်ဘူး”ဟု ဒေါ်မိမိထွန်းက ဆက်ပြောသည်။

    အဆိုပါ ရွှေမြိုင်သီရိဈေးသည် ပျက်စီးယိုယွင်းမှု မရှိသကဲ့သို့ ပကတိအတိုင်းကောင်းမွန်နေပြီး စည်းကမ်းမဲ့ခြင်း၊ ရှုပ်ထွေးခြင်း၊ ပိတ်ဆို့ခြင်းများ မရှိသည့်အပြင် နေ့ညများတွင်လည်း ခိုးယူခြင်း၊ ဖောက်ထွင်းမှုများလည်း ဖြစ်ပေါ်ခြင်း မရှိသည့်အတွက် ဈေးလုံခြုံရေးအရလည်း ကောင်းမွန်ကြောင်း ဈေးသူဈေးသားများက ရှင်းပြသည်။

    “ကျွန်မအနေနဲ့ကတော့ ဒီဈေးကို မဖျက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုင်ခန်းကို ဝယ်ထားတာ (၅) နှစ် လောက်ပဲရှိသေးတယ်။ အကျိုးအမြတ်လည်းမရသေးဘူး၊ ကျွန်မတို့အတွက် အဆင်မပြေဘူး။ ဈေးကလည်း အကောင်းကြီးရှိနေသေးတယ် မဖျက်ချင်သေးဘူး”ဟု ရွှေမြိုင်သီရိဈေးတွင် အထည်ရောင်းဝယ်နေသူ မနှင်းဝတ်ရည်ထွေးက ဆိုသည်။

    ရွှေမြိုင်သီရိဈေးရှိ ဈေးရုံ၊ ဈေးဆိုင်ခန်းများကို ဈေးသူဈေးသားများ၏ ငွေကြေးဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးအတွင်း လူသွားလမ်း၊ အမိုးများကိုလည်း စုပေါင်းငွေးကြေးများထည့်ဝင်၍ ဈေးသာယာရေးနှင့် စည်းကမ်းတကျဖြစ်စေရေးတို့ကို ဈေးတာဝန်ခံနှင့်အတူ ဆောင်ရွက်ခဲ့ကြာင်း၊ ထို့ကြောင့် ရွှေမြိုင်သီရိဈေးဖျက်သိမ်းပြီး အသစ်ပြန်လည်ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှုအား စိစစ်အရေးယူပေးပါရန် မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာပေးပို့ခဲ့သည့်အပြင် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံလည်း မေလ ၅ ရက်နေ့စွဲဖြင့် စာပေးပို့ထားခဲ့ကြောင်း သိရသည်။

    ထို့အတူ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ မြိုင်သာယာဈေးအသစ်တည်ဆောက်မည့်ကိစ္စကို ဈေးသူဈေးသားများ သဘောတူကြသော်လည်း မိုးရာသီအတွင်း ပစ္စည်းများပျက်စီးဆုံးရှုံးမှုများပြားနိုင်သဖြင့် မိုးကုန်ကာလအထိ ရွှေ့ဆိုင်းပေးရန် ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ထံ ဧပြီ ၂၆ ရက်နေ့က ဈေးသူဈေးသားများ စာရေးသားတောင်းဆိုခဲ့သည်။

    သို့ရာတွင် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်သိန်းက “ ဘတ်ဂျက်ကာလ စက်တင်ဘာမကုန်ခင်အပြီးတည်ဆောက်ရမှာဆိုတော့ ၃-၄ လပဲ သီးညည်းခံရမှာပေါ့၊ ဒါလေးကို သီးညည်းမခံနိုင်ရင်တော့ ဒီဈေးဆောက်လုပ်ဖို့ ဘတ်ဂျက်ဆိုတာ မလွယ်ဘူးလေ၊ အခု ပျံကျတွေအတွက်ပါဆောက်ပေးတာ၊ အဓိဈေးဆောက်တယ်ဆိုတာ လိုအပ်လို့ဆောက်လုပ်ရတာပေါ့၊ ပြည်အစိုးရရဲ့ရည်ရွယ်ချက်က ဈေးဆောက်တယ်ဆိုတာ ဝယ်သူလည်းအဆင်ပြေမယ်၊ ရောင်းသူလည်းအဆင်ပြေမယ်၊ လမ်းဘေးရောင်းနေတဲ့ ပျံကျဈေးတွေလည်းအထဲဝင်သွားမှာဆိုတော့ သူတို့ဘဝမြှင့်တင်တာပဲလေ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း မော်လမြိုင်မြို့ပေါ်ရှိ မြိုင်သာယာ၊ သီရိမြိုင်၊ ရွှေမြိုင်သီရိ၊ ဇေယျာမြိုင်၊ ညောင်ပင်ဆိပ်၊ ဒိုင်းဝန်းကွင်းပျံကျဈေး စသည့်ဈေးများကို အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    Photo- ရွှေမြိုင်သီရိဈေး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks