spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အစိုးရ တင်ဒါမခေါ်သည့်ကိစ္စ အုပ်ချုပ်ရေးအပိုင်းဖြစ်သည့်အတွက် မှတ်ချက်မပေးလိုဟု NLD ပြောခွင့်ရဆို

    မွန်ပြည်နယ်အစိုးရ တင်ဒါမခေါ်သည့်ကိစ္စ အုပ်ချုပ်ရေးအပိုင်းဖြစ်သည့်အတွက် မှတ်ချက်မပေးလိုဟု NLD ပြောခွင့်ရဆို

    -

    မွန်သတင်းအေဂျင်စီ(မေ-၁၄)

    မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်နေသော ရေးမြို့နယ်၊ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းအတွက် နိုင်ငံတော်ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၀၀၀ တင်ဒါမခေါ်သည့်ကိစ္စမှာ အုပ်ချုပ်ရေးအပိုင်းဖြစ်သည့်အတွက် မှတ်ချက်မပေးလိုဟု ဒီချုပ် NLD ဗဟို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေါက်တာမျိုးညွန့်က “ကျနော်တို့ အချက်အလက်အသေအချာမသိဘဲနဲ့ ပြောရခက်ပါတယ်ခင်ဗျ၊ အုပ်ချုပ်ရေးကဖြစ်တဲ့အခါ ကျနော်တို့ကအစအဆုံးမသိဘူးခင်ဗျ၊ အုပ်ချုပ်ရေးကသာ လုပ်ထုံးလုပ်နည်းနဲ့ ညီချင်းမညီချင်းကို စစ်ဆေးလို့ရပါလိမ့်မယ်၊ အဲဒီအပေါ်မှာတော့ ကျနော်တို့မှတ်ချက် မပေးလိုဘူးခင်ဗျ” ဟု ဆိုသည်။

    သို့ရာတွင် ကျေးရွာချင်းဆက်လမ်းဖောက်ရန် တင်ဒါခေါ်ယူခြင်းမရှိဘဲ SMD ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခဲ့သည့်အပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တာဝန်ယူရှင်းလင်းရမည်ဟု ဒေါက်တာမျိုးညွန့်က 7Day Daily သတင်းစာအား ပြောကြားခဲ့သည်။

    “လက်ရှိမှာ ကျနော်တို့ ဘတ်ဂျက်ဘဏ္ဍာရေးနှစ်ကိုပြောင်းလိုက်တယ်၊ တချို့လုပ်ငန်းတွေဟာ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တဲ့အခါမှာ အချိန်မမှီတာလည်းရှိနိုင်တယ်၊ အဲဒါတွေအတွက် အုပ်ချုပ်ရေးအပိုင်းက ဘယ်လိုညွှန်ကြားချက်တွေရှိတယ်ဆိုတာကတော့ ကျနော်တို့ မသိပါဘူး၊ အဲဒီတော့ ဒီအတွက်ကတော့ ကျနော်တို့မှတ်ချက်မပေးလိုဘူး”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

    ယင်းကဲ့သို့ တင်ဒါမခေါ်သည့်ကိစ္စမှာ နိုင်ငံတော်၏အတိုင်ပင်ခံ နှုတ်မိန့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သော်လည်း ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က အစိုးရကတ်ဘိနက်အစည်းအဝေးတစ်ခုတွင် ဦးစိန်ဝမ်း၏ SMD ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးရန် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    နိုင်ငံတော်သမ္မတရုံး၏ တင်ဒါဆိုင်ရာညွှန်ကြားချက် (၁/၂၀၁၇) အရ ငွေကျပ် ၁၀ သန်းအထက်လုပ်ငန်းများအတွက် ဖော်ပြထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်ဒါခေါ်ယူရမည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည့်အပြင် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုရှိပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးချက်ထုတ်ပြန်ထားသည်။

    Photo- NLD ဗဟို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်(Internet)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks