spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျော်လွှားရေးနှင့် PPST ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး NCA-S EAO ခေါင်းဆောင်ထိပ်သီးအစည်းအဝေးစတင်ကျင်းပ

    တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျော်လွှားရေးနှင့် PPST ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး NCA-S EAO ခေါင်းဆောင်ထိပ်သီးအစည်းအဝေးစတင်ကျင်းပ

    -

    မွန်သတင်းအေဂျင်စီ(မေ-၁၄)

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများကို ကျော်လွှားနိုင်မည့်နည်းလမ်းများရှာဖွေရေးနှင့် NCA စာချုပ် လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး အဓိကဦးတည်ချက် ၂ ရပ်ဖြင့် စတုတ္တအကြိမ်မြောက် NCA-S EAO ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့တွင် စတင်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

    PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က “NCA လက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၄) ကြိမ်(သို့မဟုတ်) ၂၁ ရာစု ပင်လုံ (၃) ကြိမ် တိုင်တိုင် ကျင်းပနိုင်ခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက်မှုများ မရရှိခဲ့သေးပါဘူး ၊ လုပ်ထုံးလုပ်နည်း နည်းပညာပိုင်း ဆိုင်ရာတွေမှာပဲ ကျွန်တော်တို့ အချိန်ကုန်စေခဲ့တယ် ၊ ဆွေးနွေးတဲ့ နည်းနာတွေကို ကျွန်တော်တို့ မပြင်ဆင်နိုင်ခဲ့ဘူး ၊ ဆွေးနွေးတဲ့နေရာမှာ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ် ၊ သူ့မူကိုယ့်မူကို အသေဆုပ်ကိုင်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ၂၀၂၀ ရွေးကောက်ပွဲသည်လည်း တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ တစ်ဖက်မှဆွေးနွေးဖက်အာရုံက ရွေးကောက်ပွဲကိစ္စအတွက်သာရောက်ရှိနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒုတိယနေရာတွင်ရောက်နေသဖြင့် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေအထား မည်သို့ဖြစ်သင့်သည်ကို ကြိုတင်ဆွေးနွေး သဘောတူညီချက် ရယူထားရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

    ထို့အပြင် ဗိုလ်ချုပ်ကြီးယွက်စစ်က “NLD အစိုးရလက်ထက်မှာ ၂၁ ရာစု ပင်လုံကို (၃) ကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှု မရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားလို့ပဲ ဖြစ်တယ် ၊ တပ်မတော်က ခွဲမထွက်ရ ၊ တစ်ခုတည်းသော တပ်မတော် ၊ ငြိမ်းချမ်းရေးမူ (၆) ချက်တွေတင်မကဘဲ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာဆဲ ဖြစ်နေပါတယ် ၊ ဒါကြောင့် သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်တော့ နှစ်ဖက်စလုံးအရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦးနှစ်ဖက် ရရှိမှာ ဖြစ်ပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ဆက်ပြောသည်။

    အဆိုပါ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အစီရင်ခံစာများတင်သွင်း ဆွေးနွေခြင်းနှင့် NCA-S-EAO အတွင်း စုဖွဲ့မှုများအပေါ် ပြန်လည်သုံးသပ်ပြီး လိုအပ်လျင် အလျဉ်းသင့်သလို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

    ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ လမ်းညွှန်သဘောထားများ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်း၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။

    အဆိုပါ ထိပ်သီးအစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, မွန်ပြည်သစ်ပါတီ NMSP, ချင်းအမျိုးသားတပ်ဦး CNF, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF, ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC, လားဟူဒီမိုကရက်တစ်ယူနီယံ LDU (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO-KIA နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့မှ လေ့လာသူများ တက်ရောက်လျှက်ရှိသည်။


    Photo-စတုတ္ထအကြိမ် NCA-S EAO ခေါင်းဆောင်ထိပ်သီးအစည်းအဝေး (NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks