spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ ဈေးကြို-ဖားအောက်လမ်းပိုင်းကို အေးကိုကုမ္ပဏီ နိုင်လွန်ကတ္တရာလမ်းထပ်မံချဲ့နေဟုဆို

    မော်လမြိုင်မြို့ ဈေးကြို-ဖားအောက်လမ်းပိုင်းကို အေးကိုကုမ္ပဏီ နိုင်လွန်ကတ္တရာလမ်းထပ်မံချဲ့နေဟုဆို

    -

    ဝံသမွန် (မော်လမြိုင်၊ မေ- ၁၃)

    မော်လမြိုင်မြို့ဈေးကြိုမှ ဖားအောက်လမ်းပိုင်း အရှည် ၇ မိုင်ကို လက်ရှိခင်းထားသည့် နိုင်လွန်ကတ္တရာ ၂၄ ပေမှ တစ်ဖက် ၆ ပေစီ ထပ်မံတိုးချဲ့နေကြောင်း အေးကို AK ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာ ဦးမင်းဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ဦးမင်းဦးက “လမ်းကိုတော့ ကျွန်တော်တို့စာချုပ်အရ ၂၄ ပေ နိုင်လွန်ကတ္တရာခင်းထားတာဖြစ်တယ်၊ ဒါပေမယ့် ယာဉ်မတော်တဆမှုဖြေလျှော့တဲ့အနေနဲ့ ကျွန်တော်တို့ကုမ္ပဏီက စာချုပ်ထဲမှာမပါပေမယ့် တစ်ဖက် ၆ ပေစီ ထပ်မံချဲ့ပေးနေတယ်ဆိုတော့ ၃၆ ပေအထိကျယ်သွားမယ်လေ၊ အဲဒီတော့ ကားတွေလည်းသွားလာလို့ အဆင်ပြေမယ်လို့ ထင်ပါတယ် ” ဟု ဆိုသည်။

    အရှည် ၃၇ မိုင်ရှိသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းကို အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီက BOT စနစ်ဖြင့် ၂ဝ၁၁ ခုနှစ်ကလုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း နိုင်လွန်ကတ္တရာ အပြီးသတ်ခင်းသွားမည် ဖြစ်ကြောင်း ဦးမင်းဦးက ပြောသည်။

    သို့ရာတွင် မကြာခင်းက လမ်းအလယ်တွင်၂၄ ပေသာ နိုင်လွန်ကတ္တရာခင်းထား၍ လမ်းပခုံးမြင့်နေမှုကြောင့် ယာဉ်မတော် တဆမှုမကြာခဏဖြစ်ပေါ်နေကြောင်း မေလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ထိုလမ်းကိုအစိုးရဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အချိန်မီ ပြုပြင်ပေးရန် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။

    ဦးအောင်ကျော်သူက “ဒီလမ်းကို ဒီဒေသဖွံ့ဖြိုးရေး၊ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး၊ ပြည်သူတွေပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုရရှိရေးကို စေတနာထားပြီးလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဖြစ်စေချင်တယ်၊ ပြည်သူလူထုကြားနေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ မော်လမြိုင်-သံဖြူဇရပ်လမ်း ပိုင်းအား အစိုးရနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ စိစစ်သုံးသပ်ပြီးအချိန်မီပြုပြင်ဖို့တိုက်တွန်း လိုပါတယ်” ဟု ဆိုသည်။

    AK ကုမ္ပဏီတာဝန်ယူထားသည့် မော်လမြိုင်-သံဖြူဇရပ် လမ်းပိုင်းအရှည် ၃၇ မိုင်ရှိသည့်အနက် မိုင် ၂၀ ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် နိုင်လွန်ကတ္တရာအပြီးခင်းပေးရမည့်အပြင် ကျန်လမ်းပိုင်း ၁၇ မိုင်ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် အပြီးဆက်လက်ခင်းပေးရန် ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သဘောတူထားသည်ဟု ယခင် AK ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးစိုးမိုးက မွန်သတင်းအေဂျင်စီသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

    AK ကုမ္ပဏီသည် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်လမ်းပိုင်းကို BOT စနစ်ဖြင့် ပြည်ထောင်စုအစိုးရနှင့် အနှစ် ၅၀ သက်တမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်စာချုပ် ချုပ်ဆိုထားသည်ဟု ကုမ္ပဏီထံမှ သိရသည်။


    Photo- မော်လမြိုင်မြို့ဈေးကြို-ဖားအောက်လမ်းပိုင်းတွင် နိုင်လွန်ကတ္တရာခင်းထားပုံ (Mon News Agency)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks