spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်တွင်မေးခွန်းမေးမြန်းမသင့်ကြောင်း မွန်ဝန်ကြီးချုပ်စာရေးသားပေးပို့ပြီးနောက် ပြန်လည်ရုတ်သိမ်းခဲ့

    ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်တွင်မေးခွန်းမေးမြန်းမသင့်ကြောင်း မွန်ဝန်ကြီးချုပ်စာရေးသားပေးပို့ပြီးနောက် ပြန်လည်ရုတ်သိမ်းခဲ့

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၁၀)

    မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း မသင့်လျော်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ထံ ယမန်နေ့က စာရေးသားပေးပို့ပြီးနောက် တဖန်ပြန်လည်ရုတ်သိမ်းသွားကြောင်း စုံစမ်းသိရှိရသည်။

    အဆိုပါဝန်ကြီးချုပ်ဒေါက်တာအေးဇံစာကို မေလ ၉ ရက်နေ့ ညနေ ၆ နာရီခန့်က မွန်ပြည်လွှတ်တော်ရုံးသို့ပေးပို့လာခြင်းဖြစ်သော်လည်း မေလ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် တဖန်ပြန်လည်ရုပ်သိမ်းသွားသည်ဟု သိရှိရသည်။

    “ဝင်စာထွက်စာတော့ ရှိတယ်။ ဒီလိုမျိုးဝင်စာကို ပြန်ရုပ်သိမ်းလို့ရပါတယ်။ တိုင်စာလည်း ဒီလိုပဲ တိုင်တယ် ပြန်ရုပ်သိမ်းတယ်။ ဒီလိုပါပဲ” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက အတည်ပြုပြောကြားသည်။

    ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးသည် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သောကြောင့် မေးခွန်းမေးမြန်းပိုင်ခွင့်ရှိသည့်အပြင် ၎င်းမေးခွန်းမေးမြန်းသည့်ပုံစံသည်လည်း လွှတ်တော်နည်းဥပဒေနှင့်အညီဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုသည်။

    “အောင်နိုင်ဦး ဒု-ဥက္ကဋ္ဌက ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊ ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးလို့ရတယ်။ အန်တီပြောတာက ဒု-ဥက္ကဋ္ဌလည်း ကိုယ်စားလှယ်ပဲ၊ ရွေးကောက်ခံကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ ဒေါက်တာအောင်နိုင်ဦးမေးတဲ့ပုံစံက လွှတ်တော်နည်းဥပဒေနဲ့ညီတယ်”ဟု ၎င်းက ပြောသည်။

    ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအာဏာဖြစ်၍ လွှတ်တော်သည် ဥပဒေပြုရေးအာဏာဖြစ်ပြီး သီးခြားစီဖြစ်နေသောကြောင့် အာဏာတစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့်အပြင် အချင်းချင်းအပြန်အလှန်လေးစားရမည်ဖြစ်ကြောင်း မွန်လွှတ်တော်ဥက္ကဌက ဆက်ပြောသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပစဉ်အတွင်း ဒေါက်တာအောင်နိုင်ဦးသည် ပြည်နယ်ရန်ပုံငွေဘဏ္ဍာရေးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမေးခွန်းကို ပြည်နယ်အစိုးရပြန်လည်ဖြေကြားရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

    ဒေါက်တာအောင်နိုင်ဦးသည် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် မေးခွန်း (၄၀) ကျော်ကို မေးမြန်းထားပြီး အဆို (၅) ခု တင်သွင်းထားသူဖြစ်သည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးကို မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းဆောင်၌ မေလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၆ ရက်တိတိ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။


    Photo- မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌနှင့် ဝန်ကြီးချုပ် လွှတ်တော်တွင်တင်ပြကြစဉ် (မွန်လွှတ်တော်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks