spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းအောင်သပြေ-နှစ်ကရင်လမ်းတင်ဒါမခေါ်ဘဲ SMD ကုမ္ပဏီပေးလိုက်သည့်ကိစ္စ ဝန်ကြီးချုပ်ကိုယ်တိုင်ဆုံးဖြတ်ခဲ့ဟု ဝန်ကြီးဟောင်းတစ်ဦးထုတ်ပြော

    အောင်သပြေ-နှစ်ကရင်လမ်းတင်ဒါမခေါ်ဘဲ SMD ကုမ္ပဏီပေးလိုက်သည့်ကိစ္စ ဝန်ကြီးချုပ်ကိုယ်တိုင်ဆုံးဖြတ်ခဲ့ဟု ဝန်ကြီးဟောင်းတစ်ဦးထုတ်ပြော

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၉)

    မွန်ပြည်နယ်၊ ရေးမြို့နယ် သပြေရွာသစ် ရေနက်ဆိပ်ကမ်းသို့သွားရာ အဓိကလမ်းကြောင်းဖြစ်သည့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ဘဲ Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီပေးလိုက်သည့်ကိစ္စသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က မွန်သတင်းအေဂျင်စီသို့ ထုတ်ဖော်ပြောဆိုသည်။

    ယင်းကိစ္စသည် ဦးမင်းထင်အောင်ဟန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး တာဝန်ယူခဲ့စဉ်က အစိုးရကတ်ဘိနက်အရေးပေါ်အစည်းအဝေးတစ်ခုတွင် ဝန်ကြီးချုပ်ကိုယ်တိုင် ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံဝမသက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။

    “ဒီလုပ်ငန်းကို တင်ဒါမခေါ်ဘဲနဲ့ ဦးစိန်ဝမ်းတို့ SMD ကုမ္ပဏီကို ပေးလိုက်ရင် လွှတ်တော်ကျရင် ဘယ်လိုရှင်းပြမလဲ၊ ရှင်းပြလို့မတတ်တော့ဘူး။ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရလည်း သိန်း တစ်ရာကျော်နေတာ တင်ဒါခေါ်ရမှာ၊ အရေးပေါ်ကိစ္စမို့လို့ ဋ္ဌာနကိုတာဝန်ပေးရမှာက တစ်မျိုးပေါ့၊ ဒီလိုမျိုး SMD ကို တိုက်ရိုက်ပေးလိုက်တာက မသင့်ဘူးပေါ့။ အဲဒီမှာ ဆရာ(ဝန်ကြီးချုပ်) ကလည်း ကျွန်တော်ကို နည်းနည်းစိတ်ဆိုးသွားတာနဲ့ တူပါတယ်၊ ဒါကို လွှတ်တော်မှာ သူတာဝန်ယူတယ်တဲ့၊ ဒီကိစ္စကို သူတာဝန်ယူတယ်တဲ့၊ လွှတ်တော်ကိစ္စလည်း သူရှင်းမယ်တဲ့၊ ဘာညာပြောပြီးတော့ သူဆုံးဖြတ်ခဲ့တာ”ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

    ယနေ့ဆက်လက်ကျင်းပသော ၁၃ ကြိမ်မြောက် မွန်ပြည်နုယ်လွှတ်တော်အစည်းအဝေး ပဉ္စမနေ့၌ မော်လမြိုင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမင်းထင်အောင်ဟန်က မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ မွန်ပြည်နယ်ဈေးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသို့ တည်နေရာပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    ယခုအချိန်တွင် မီဒီယာများ၊ လူမှုကွန်ယက်စာမျက်နှာများအပါအဝင် မိမိတို့ NLD ပါတီထဲတွင် မေးခွန်းထုတ်နေကြသောကြောင့် မဟုတ်မှန်သည့်ကိစ္စရပ်အား မဟုတ်မှန်ကြောင်းကို သိရှိစေရန်အတွက် ယနေ့ကျင်းသည့် လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းပြောကြားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    အောင်သပြေ-နှစ်ကရင်လမ်းကို Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီအား တာဝန်ပေးဆောင်ရွက်စေခဲ့သည့်ကိစ္စကို ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြီးခဲ့သည့် မေလ ၃ ရက်နေ့ လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့တော့ အခက်အခဲလေးနည်းနည်းရှိနေတယ်လို့ ပြောပါတယ်။ အတိုင်ပင်ခံက မိုးတွင်းမှာ Mini မီနီဘတ်ဂျက်လည်းဖြစ်နေတယ်၊ ဖောက်ရတာလည်း ခက်နေတယ်၊ အဲဒါကြောင့် ဒီလမ်းကို တင်ဒါကင်းလွတ်ခွင့်၊ တင်ဒါမခေါ်ဘဲနဲ့ ဖောက်လိုက်တယ်”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အောင်သပြေ-နှစ်ကရင်လမ်းသည် သပြေရွာသစ်ကို အခြေပြု၍ Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီမှ အကောင်အထည်ဖော်လျက်ရှိသော လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ပြည်နယ်စက်မှုဇုံ၊ ငါးလုပ်ငန်းဇုံ၊ အထူးစီးပွားရေးဇုံ၊ အိမ်ယာစီမံကိန်းနှင့် မွန်ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုံ စသည့်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အကူပြုသည့် အဓိကလမ်းကြောင်းတစ်ခု ဖြစ်သည်။


    Photo- ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်
    မွန်လွှတ်တော်၌ ဆွေးနွေးတင်ပြစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks