spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစည်ပင်သာယာရေးကော်မတီရွေးချယ်တင်မြောက်ရေး မွန်ပြည်နယ်အစိုးရ အကောင်အထည်ဖော်နိုင်ခြင်းမရှိ

    စည်ပင်သာယာရေးကော်မတီရွေးချယ်တင်မြောက်ရေး မွန်ပြည်နယ်အစိုးရ အကောင်အထည်ဖော်နိုင်ခြင်းမရှိ

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၈ )

    မွန်ပြည်နယ်တွင် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် စည်ပင်ကော်မတီ ရွေးချယ်တင်မြောက်ရေးကိစ္စအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့အချိန်အထိ ဥပဒေမှ ပေးအပ်ထားသောတာဝန်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “ကျွန်တော်တို့က စည်ပင်သာယာရေးဥပဒေကို ရန်ကုန်ထက်စောပြီး အတည်ပြုပေးခဲ့ပေမယ့် အခုချိန်ထိ ကျွန်တော်တို့မှာ ဒီကော်မတီကို မရွေးချယ်တင်မြောက်ပေးနိုင်သေးဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြင်ဆင်သည့်ဥပဒေကို ဆက်လက်ပြဌာန်း၍ မူလရည်ရွယ်ချက်တွင် ပြည်သူလူထူများ ပူးပေါင်းပါဝင်နိုင်စေရန်ပြဋ္ဌာန်းပေးထားသောကြောင့် ကော်မတီရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ပိုက်ဆံမရှိလို့ မအားသေးလို့ အခြားအလုပ်ကို ဦးစားပေးလုပ်နေရလို့ ဆိုင်းငံ့တယ်ဆိုတာ ခိုင်မာတဲ့အကြောင်းပြချက်မဟုတ်ဘူး။ အမှန်တကယ်တော့ ဥပဒေက ပေးထားတယ်ဆိုတာက တာဝန်ယူပြီးတော့ အကောင်အထည်ဖော်ဖို့ပဲ။ ဒီဟာကို မလုပ်နိုင်ရင် တာဝန်ပျက်ကွက်တယ်လို့ မှတ်ယူတယ်”ဟု ဒေါက်တာအောင်နိုင်ဦး ဆက်ပြောသည်။

    ယင်းကော်မတီတွင် အစိုးရအဖွဲ့တစ်ခုတည်းမဟုတ်ဘဲ အများပြည်သူရွေးချယ်တင်မြောက်ထားသည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားပြီး မြို့ပြစီမံကိန်းများ၊ မြို့ပြဖွံ့ဖြိုးရေးများနှင့် စည်ပင်သာယာရေးလုပ်ငန်းများတွင် ပိုမိုအားကောင်းလာစေရေးအတွက် ဥပဒေကို ဦးတည်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယနေ့ကိုင်တွယ်သုံးစွဲနေသည့် ဘတ်ဂျတ်တွင်လည်း ရွေးကောက်တင်မြောက်ထားသည့် ပုဂ္ဂိုလ်တို့၏ အသံများ၊ အကြံပြုချက်များ၊ စဉ်းစားဆုံးဖြတ်ချက်များဖြင့် လည်ပတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

    သို့ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က “ဥပမာ ကော်မတီတစ်ယောက်က ဒေသမှာ ပေးနေတဲ့လစာ အဆောင်အယောင် ကျွန်တော်တို့ဆီမှာ မပြည်စုံသေးပါဘူး။ ကော်မတီသည် ညွှန်ကြားရေးမှူးနဲ့ Level မဖြစ်နိုင်ဘူး။ ရန်ကုန်ကော်မတီမှာဆို သီးသန့်ထောက်ပံ့စရိတ်ရှိတယ်။ ညွှန်မှူး၊ ဋ္ဌာနမှူးတွေထက်ကို သူကမြင့်နေတယ်။ ဒါမှ သူက ထိန်းကျောင်းနိုင်မယ်”ဟု ပြောသည်။

    စည်ပင်သာယာရေးရရှိထားသည့် ဘတ်ဂျတ်မှာငွေကျပ် ၁၀ ဘီလီလျံဖြစ်ပြီး ယင်းအထဲမှ ၃၀ ရာခိုင်နှုန်းသာ အသုံးပြုခွင့်ရှိကာ ဝန်ထမ်းတိုးမည့်ကိစ္စ၊ အခွန်းတိုးမည့်ကိစ္စနှင့် စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များနှင့် ကော်မတီဝင်၏ လစာစရိတ်များအတွက် ဝင်ငွေကို သုံးသပ်နေရသောကြောင့် ကော်မတီဖွဲ့စည်းရွေးကောက်တင်မြောက်ရေးကိစ္စကို ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ဦးမင်းကျော်လွင်က ရှင်းပြသည်။

    “အဓိကတော့ ငွေကြေးပြဿနာရယ် အဲဒါကို နည်းဥပဒေမှာ အတည်ပြုချက်ရယူရဦးမယ်။ နည်းဥပဒေမှာ ထည့်ဆွဲရဦးမယ်၊ ဥပဒေချုပ်နဲ့လည်း ညှိရဦးမယ်၊ ညှိနေဆဲအချိန်လည်း ဖြစ်တယ်။ အဓိကတော့ အဆောင်အယောင်ကို ဘယ်လိုပေးမလဲဆိုတာ အရေးကြီးဆုံးပဲ”ဟု ၎င်းက ပြောသည်။

    လက်ရှိအခြေအနေအရ စည်ပင်သာယာရေးကော်မတီ မဖွဲ့စည်းနိုင်သည့်အတွက် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ ညွှန်မှူးနှင့် မြို့နယ် (၁၀) မြို့နယ်တွင် အလုပ်အမှုဆောင်အဖွဲ့ (EO) ဖြင့်သာ လည်ပတ်နေပြီး လက်ရှိသုံးစွဲနေသည့် ဘဏ္ဍာရေးကိုလည်း ၎င်းတို့ကသာ စီမံကြီးကြပ်နေသည်ဟု သိရသည်။


    Photo- မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ စာအုပ်မျက်နှာဖုံး(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks