spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးဘုရားရဲ့ဘဏ္ဍာငွေကို အစိုးရတင်ဒါလုပ်ငန်းထဲ ဆွဲထည့်လို့ရသလားဟု ဒေါက်တာအောင်နိုင်ဦး မေးခွန်းထုတ်

    ကျိုက်ထီးရိုးဘုရားရဲ့ဘဏ္ဍာငွေကို အစိုးရတင်ဒါလုပ်ငန်းထဲ ဆွဲထည့်လို့ရသလားဟု ဒေါက်တာအောင်နိုင်ဦး မေးခွန်းထုတ်

    -

    ရွှေရိုး (မော်လမြိုင်၊ မေ ၈)

    ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့်စက်တည်ဆောက်ရန် ငွေကျပ်သန်း ၄၀၀ ကို ပြည်နယ်လွှတ်တော်အတည်ပြုပေးခဲ့ပြီးဖြစ်သည့်အတွက် ဘုရားဘဏ္ဍာရန်ပုံငွေကိုပါ တင်ဒါလုပ်ငန်းထဲ ဆွဲထည့်လို့ရသလားဟု ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မွန်ပြည်နယ်အစိုးရအား မေးခွန်းထုတ်လိုက်သည်။

    “ဘုရားရဲ့ ဘဏ္ဍာရန်ပုံငွေကို အစိုးရအဖွဲ့က ကိုယ့်ရဲ့ တင်ဒါလုပ်ငန်းထဲမှာ ဒီလိုမျိုးကောက်ပြီးတော့ လုပ်လို့ရသလား။ ဒီလိုလုပ်ပိုင်ခွင့်ရှိသလားဆိုတာကို ကျွန်တော်တို့က မေးစရာဖြစ်လာတယ်”ဟု ယမန်နေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးအပြီးတွင် ဒေါက်တာအောင်နိုင်ဦးက သတင်းထောက်များကို ပြောသည်။

    အလားတူ သြဝါဒစရိယ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် လေသာဆရာတော် ဘဒ္ဒန္တဦပဏ္ဍိတ၏ တင်ပြစာအရ လုပ်ငန်းမစတင်မှီက အစိုးရအဖွဲ့ဘဏ္ဍာငွေဖြင့်သာ သုံးစွဲမည်ဟု တင်ပြလျှောက်ထားခဲ့ပါသော်လည်း စက်ရုံတည်ဆောက်ပြီးခါနီး ဘုရားဘဏ္ဍာတော်ငွေထဲမှ ကုန်ကျငွေတစ်ဝက်အား ရယူသုံးစွဲခဲ့ခြင်းအား သဘောမတူသဖြင့် ကန့်ကွက်စာရေးသား၍ ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သည်ဟု ၎င်းကဆိုသည်။

    မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အမှိုက်ဖျက်ဆီးမည့် စက်ဆောင်ရွက်ထားရှိမှုအား သွားရောက်လေ့လာခဲ့ကြရာတွင် ပြည်နယ် အစိုးရအဖွဲ့၏ တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့သည့်လုပ်ငန်းဖော်ပြချက်အရ အမှိုက်ဖျက်ဆီးမည့်စက်မဟုတ်ဘဲ အမှိုက်ခွဲခြားသန့်စင်စက်ဟူ၍သာ ဆောင်ရွက်ခဲ့သည်ဟု လေ့လာတွေ့ရှိရပါကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှာ TMA Co.;Ltd ဖြစ်ပြီး စတင်စမ်းသပ်လည်ပတ်လျှက် တွေ့ရှိရပါကြောင်း၊ ပြည်နယ်ဘဏ္ဍာငွေဖြင့် အမှိုက်ဖျက်ဆီးမည့်စက် (၁)လုံးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန် ဟူ၍ အတည်ပြုပြီးဆောင်ရွက်စေခဲ့ပါသော်လည်း လက်တွေ့မှာအမှိုက်ခွဲခြားသန့်စင်စက်သာ တည်ဆောက်ခဲ့သည်ကို ကွဲလွဲစွာကိုတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က “အားလုံးဆွေးနွေးတာပါ။ ဆွေးနွေးလိုက်တော့ အကောင်းဆုံးကို ရွေးလိုက်တာပါ၊ ဘယ်ဟာအကျိုးရှိဆုံးလဲဆိုတာ အဲဒါကိုကြည့်ပြီးတော့ တင်ဒါခေါ်လိုက်ခြင်းဖြစ်တယ်။ အခုလည်း တကယ်အကျိုးရှိနေတယ်”ဟု ပြောသည်။

    လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းတန်ဖိုး၏ ၅၀% ဖြစ်သော ငွေကျပ် (၂၄၂)သန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလ) ခွင့်ပြုရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခဲ့ပြီး ကျန် ၅၀% ဖြစ်သောငွေကျပ် (၂၄၂)သန်းနှင့်ပတ်သက်၍ နာယကအဖွဲ့များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းချက်အရ သဘောတူကြောင်း ပြန်ကြားလာသည့်အတွက် ကျန်ငွေအားကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခြင်းဖြစ်ပါကြောင်း ယမန်နေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်
    ဝန်ကြီး ဦးမင်းကျော်လွင်ပြန်လည် ရှင်းပြခဲ့သည်။

    ထို့ပြင် ဒေါက်တာအောင်နိုင်ဦးက ဆက်စပ်မေးမြန်းရာတွင် အမှိုက်ဖျက်သိမ်းစက်တည်ဆောက်ရေးအတွက် ၂၀၁၈၊ ဧပြီလမှစက်တင်ဘာလအထိ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသန်း(၄၀၀)ဖြင့် အတည်ပြုခဲ့ပြီး တင်ဒါခေါ်ယူစဉ်တွင်လည်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဟူ၍ သတင်းစာများတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရှင်အနေဖြင့် လုပ်ငန်းအကြိုလေ့လာတင်ပြခဲ့သူမှာ ဦးလင်းမင်းဌေးဖြစ်ပြီး လုပ်ငန်းတင်ဒါအနိုင်ရခဲ့သည့် TMA ကုမ္မဏီ၏ MD မှာလည်း ဦးလင်းမင်းဌေးသာဖြစ်နေသည်မှာ လုံဝမဖြစ်သင့်ကြောင်းဟု ထောက်ပြပြောဆိုသည်။

    သို့ရာတွင် ဝန်ကြီးက ဆက်စပ်မေးခွန်းရဲ့နောက်တွင် ရည်ရွယ်ချက်တွေအများကြီးရှိသည်ဟု သုံးသပ်မိသည့်အတွက် လွှတ်တော်သည် တရားစီရင်ရေးဌာနမဟုတ်သည့်အတွက် မေးခွန်းအား စာဖြင့် (၁၀)ရက်အတွင်း ပြန်လည်ဖြေကြားခွင့်ပြုပါရန် လွှတ်တော်တွင် ဦးမင်းကျော်လွင် တင်ပြခဲ့သည်ကို တွေ့ရှိရသည်။

    မူလဘဏ္ဍာငွေခွင့်ပြုပေးခဲ့ရာတွင် ကျပ်သန်း (၄၀၀)ဖြင့် ခွင့်ပြုခဲ့ပါသော်လည်း အစိုးရအဖွဲ့မှထုတ်သုံးငွေမှာ ကျပ်သန်း ၂၄၂ သာရှိကြောင်း၊ ထို့အပြင် ကုမ္ပဏီမှ စက်ရုံလုပ်ငန်းစတင် ဆောင်ရွက်မှုနှင့်ပြီးစီးမှုဟာ ဘဏ္ဍာရေးနှစ်၊ သတ်မှတ်ကာလထက် ပိုမိုကျော်လွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ မေးမြန်းလိုသည်မှာ ၂၀၁၈ ခုနှစ်၊ (၆)လ ဘဏ္ဍာရန်ပုံငွေနှင့် အစိုးရအဖွဲ့ငွေလုံးငွေရင်းကျပ်သန်း (၄၀၀)ဖြင့် အမှိုက်ဖျက်ဆီးမည့်စက်အား ဆောင်ရွက်ထားရှိမှု အခြေအနေအား သိရှိလိုပါကြောင်း ဒေါက်တာအောင်နိုင်ဦးက ၁၃ကြိမ်မြောက်၊ မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး စတုတ္ထမြောက်နေ့၌ ယင်းသို့ မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။


    Photo- မေးခွန်းမေးမြန်းသူ ဒေါက်တာအောင်နိုင်ဦးနှင့်
    ဖြေကြားသူ ဦးမင်းကျော်လွင်(မွန်လွှတ်တော်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks