spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ် ယခုနှစ်နွေစပါးစိုက်ပျိုးတောင်သူများ အရှုံးပေါ်ဟုဆို

    ကျိုက်မရောမြို့နယ် ယခုနှစ်နွေစပါးစိုက်ပျိုးတောင်သူများ အရှုံးပေါ်ဟုဆို

    -

    ဝံသမွန် – မော်လမြိုင် (မေ- ၆)

    ယခုနှစ်နွေစပါးပေါ်ချိန်တွင် ကြွက်ကိုက်သည့်အပြင် စပါးဈေးလည်းကျဆင်းနေသည့်အတွက် အရှုံးပေါ်နေကြောင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာမှ စပါးစိုက်တောင်သူများက ဆိုသည်။

    “ဒီနှစ်နွေစပါးထွက်တဲ့အချိန်မှာ စပါးတစ်တင်းကို ၅၈၀၀ ကျပ်ပဲ ဈေးပေါက်တယ်၊ အထွက်နှုန်းမှန်းထားတာ တစ်ဧကကို တင်း ၅၀ လောက်ရမယ်၊ ဒါပေမယ့် မထွက်ဘူး ဒီကြားထဲ ကြွက်ကိုက်သေးတယ်၊ အလုပ်သမားငှားခလည်းရှိသေးတယ်ဆိုတော့ ကျွန်တော်တို့တောင်သူတွေ အရှုံးပေါ်တယ် ”ဟု ကော့စွယ်ရွာမှ နွေစပါးစိုက်တောင်သူ ဦးစည်းကမ်းက ဆိုသည်။

    ထို့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်မြေတစ်ဧက ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသော်လည်း စပါးဈေးကျဆင်းနေသည့်အတွက် ပြန်လည်ပေးဆပ်ရန် အခက်အခဲဖြစ်နေကြောင်း၊ ယခုနှစ်အရှုံးပေါ်နေသည့်အတွက် နောက်နှစ်နွေစပါးပြန်လည်စိုက်ပျိုးရန် မလွယ်ကူကြောင်း ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် “ကျွန်တော်တို့ဘဏ်မှာက အတိုးနှုန်းနည်းတဲ့အတွက် ချေးငွေယူတဲ့တောင်သူတွေ အဆင်ပြေတယ်၊ ဒါပေမယ့် ချေးငွေထုတ်တဲ့အခါမှာ မြေယာလုပ်ပိုင်ခွင့် ပုံစံ ၇ မူရင်းကို အကြွေးမကြေမချင်း ဘဏ်မှာ အပ်ထားရမယ်” ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က မွန်သတင်းအေဂျင်စီကို ပြောသည်။

    စိုက်ပျိုးထုတ်လပ်မှုစရိတ်ချေးငွေပေးအပ်ရာတွင် ငွေကျပ် ၁၀၀ လျှင် တစ်လအတွက် အတိုး ၆၇ ပြား ပေးသွင်းရပြီး စပါးပေါ်ချိန်တွင် အရင်းနှင့်အတိုးပေါင်း၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ပြည်နယ် မန်နေဂျာကဆိုသည်။

    ယခုနှစ် နွေစပါးစိုက်တောင်သူများအပါအဝင် ဆောင်းသီးနှံ ပဲအမျိုးမျိုးစိုက်ပျိုးမြေဧက ငါးသောင်းလေးထောင်ကျော် တောင်သူ ၇,၅၉၉ ဦးအတွက် ချေးငွေကျပ်သိန်းပေါင်း ၆ သောင်းကျော်ထုတ်ပေးခဲ့ကြောင်း ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


    Photo- နွေစပါးစိုက်ခင်း(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks