Homeသတင်းသမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မွန်ပြည်နယ်အကျဉ်းသူ/သား ၈၆၀ ကျော် ထပ်မံလွတ်မြောက်မည်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မွန်ပြည်နယ်အကျဉ်းသူ/သား ၈၆၀ ကျော် ထပ်မံလွတ်မြောက်မည်

-

မင်းချမ်းညီ (မော်လမြိုင် ၊ မေ ၇ )

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မွန်ပြည်နယ်ရှိ အကျဉ်းထောင်များနှင့် ကုန်ထုတ်စခန်းများမှ အကျဉ်းသူ/သား စုစုပေါင်း ၈၆၂ ဦး ထပ်မံ လွှတ်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလတွင်လည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသူ/သား ( ၉၅၃၅ ) ဦးကို လွှတ်ပေးခဲ့ရာ မွန်ပြည်နယ်မှာ ( ၉၂၅ ) ဦးကျော် လွတ်မြောက်ခဲ့ပြီး မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျနေသူ အများစုပါဝင်ခဲ့သည်။

“အခု မွန်ပြည်နယ်မှာ လွှတ်ပေးမှာက ၈၆၀ ကျော်ရှိတယ်။ သူတို့ကို လွှတ်ပေးဖို့ စိစစ်နေတုန်းပဲ ဘယ်သူ့ကို လွှတ်မယ်ဆိုပြီး နာမည်နဲ့ လာတာဆိုတော့ ဘယ်အမှုတွေနဲ့ ကျတဲ့သူတွေကို လွှတ်ပေးလဲ ဆိုတာ (နေပြည်တော်)ကပဲ ဆုံးဖြတ်ပေးလိုက်တာပါ။ မော်လမြိုင် ၊ ရင်းငြိမ် ၊ အင်းဗြောင်က အများဆုံးပါတယ်။” ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ်မှူး ဦးလင်းဗိုလ်နောင်က ပြောသည်။

မော်လမြိုင် အကျဉ်းထောင်မှ အကျဉ်းသား ၂၉၈ ဦး၊ သထုံအကျဉ်းထောင်မှ ၁၁ ဦး ၊ အင်္ဂါပူ စိုက်ပျိုးမွေးမြူရေးစခန်း မှ ၆၆ ဦး ၊ မုပ္ပလင် အကျဉ်းစခန်း(ကျား) မှ ၇၆ ဦး၊ မုပ္ပလင်အကျဉ်းစခန်း (မ)မှ ၅၀ ဦး ၊ တောင်စွန်းကုန်ထုတ်စခန်းမှ ၄၈ ဦး ၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ၈၈ ဦး ၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ၁၁၅ ဦး ၊ အင်းဗြောက်ကုန်ထုတ်စခန်းမှ ၁၁၂ ဦး စုစုပေါင်း ၈၆၂ ဦး လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အကျဉ်းဦးစီးမှူးက ပြောသည်။

လက်ရှိ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အကျဉ်းသား/သူ (၆၅၂၀) ဦး လွတ်မြောက်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ခဲ့သည်။

အထူးသဖြင့် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့လွှတ်ပေးသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကြိုဆိုလိုက်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ထို့အတူ ပြစ်ဒဏ်ကျခံခဲ့ရသော ABSDF အဖွဲ့ဝင် ၂ ဦးအပါအဝင် အန်စီအေ အပစ်ရပ်အဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၆/၂၀၁၉ ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျ အကျဉ်းသား/သူ စုစုပေါင်း (၆၅၂၀) ဦးအား ရဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း ယနေ့ (မေ ၇ ရက်) နံနက်ပိုင်းက နိုင်ငံတော်သမ္မရုံး ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့တွင် နိုင်ငံသားအကျဉ်းသား ၆၉၄၈ ဦးကို ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း၊ အတာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့တွင်လည်း အကျဉ်းသားပေါင်း ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း၊ စုစုပေါင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်အတွင်း ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသားပေါင်း ၂၃၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။


Photo-မော်လမြိုင်အကျဉ်းထောင်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts