spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရာဘာထုတ်လုပ်မှုစရိတ်ချေးငွေများရရှိရန် ပြည်ထောင်စုအစိုးရသို့ တင်ပြမည်

    ရာဘာထုတ်လုပ်မှုစရိတ်ချေးငွေများရရှိရန် ပြည်ထောင်စုအစိုးရသို့ တင်ပြမည်

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ မေ ၆)

    မွန်ပြည်နယ်ရာဘာစိုက်တောင်သူများအား ထုတ်လုပ်မှုစရိတ်ချေးငွေထုတ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးကျော်စွာလှိုင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရာဘာစိုက်တောင်သူများ ချေးငွေရရှိနိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလတွေ့ဆုံပွဲတွင် တောင်းဆိုခဲ့ပြီး လက်ရှိတွင် စိုက်ဧကများကို စာရင်းကောက်ယူနေဆဲဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့လျာထားတာက တစ်ဧက တစ်သိန်း သို့မဟုတ် တစ်သိန်းခွဲပေါ့။ ဒါကတော့ ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်က ဘယ်လောက်ခွင့်ပြုမလဲဆိုတာတော့ ကျွန်တော်တို့ရုံးချုပ်နှင့် ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ပေါ်မှာ မူတည်မှာပေါ့” ဟု ၎င်းကဆက်ပြောသည်။

    အထူးသဖြင့် လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ ၇ ရရှိပြီးသော ခြံများကို ဦးစားပေးကာ အနည်းဆုံး ၁ ဧကမှ အများဆုံး ၁ဝ ဧကအထိ ထုတ်ချေးပေးနိုင်ရန်ရည်မှန်းထားသော်လည် အတိုးနှုန်း မသတ်မှတ်ရသေးဟု ၎င်းကဆက်ပြောသည်။

    “ခြံဧကတွေ အများကြီး ပိုင်တဲ့လူတွေအတွက်တော့ လိုအပ်မယ်မထင်ဘူးပေါ့နော်၊ တနိုင်တပိုင် လုပ်တဲ့လူတွေအတွက်တော့ လိုအပ်မယ်ထင်တယ်။ ကျွန်တော်တို့ ဦးတည်တာကလည်း ဧကအများကြီးပိုင်တဲ့လူကို ဦးတည်တာမဟုတ်ဘူး။ တနိုင်တပိုင်လုပ်နေတဲ့ အတိုးကြီးကြီးနဲ့ ယူနေရတဲ့ ရာဘာခြံရှင်ငယ်လေးတွေကို အပြင်တိုးတွေသက်သာစေချင်တာ” ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

    သို့ရာတွင် မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာသား ရာဘာစိုက်တောင်သူ မင်းသက်ချွန်းက ၎င်းတို့အနေဖြင့် ရာဘာစိုက်ပျိုးသက်တမ်း ၁၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ပုံစံ ၇ မရသေးသဖြင့် ချေးငွေအတွက် အခက်အခဲရှိနိုင်သည်ဟု ပြောသည်။

    ၎င်းက “တစ်ဧက တစ်သိန်းခွဲဆိုတော့ လက်ရှိမြေသြဇာဈေးနှင့်ဆို ခြံပြင်ခနဲ့ မလောက်တလောက်ဖြစ်နေတယ်။ ၂ သိန်း လောက်ပေးနိုင်ရင် ပိုကောင်းတာပေါ့” ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် ရာဘာအရည်အသွေးမြှင့်တင်ရေးအတွက် မှိုင်းခံစက်ရုံ ၁၇ ရုံကို SME ချေးငွေများ ထုတ်ပေးထားကြောင်း ပြည်နယ်ရာဘာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

    လက်ရှိတွင် ရာဘာတစ်ပေါင် ၇ဝဝ ကျပ်ခန့် ပေါက်ဈေးရှိကာ တောင်သူများ အရှုံးပေါ်နေသောကြောင့် ပြည်နယ်တွင်းရှိ ရာဘာစိုက်ဧကငါးသိန်းခန့်တွင် သုံးပုံနှစ်ပုံမှာ လုပ်ငန်းများရပ်ဆိုင်းထားရကြောင်း အဆိုပါအသင်းထံမှ သိရသည်။


    Photo-ရာဘာပြားများ ချိန်တွယ်နေပုံ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks