Sunday, March 15, 2026
More
    spot_img
    Homeသတင်းလမ်းခင်းကျောက်များ ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချမှု လုံးဝခွင့်မပြုထားဟု မွန်လုံနယ်ဝန်ကြီးဆို

    လမ်းခင်းကျောက်များ ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချမှု လုံးဝခွင့်မပြုထားဟု မွန်လုံနယ်ဝန်ကြီးဆို

    -

    စန္ဒဉာဏ် (မွန်လွှတ်တော်၊ မေ-၂)

    မွန်ပြည်နယ်တွင် လမ်းခင်းကျောက်များကို ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချမှု လုံးဝခွင့်မပြုထားဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

    မေလ ၂ ရက်နေ့က စတင်ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်မှူးကြီး နေထွဋ်ဦးက “ကျွန်တော်တို့ မွန်ပြည်နယ်အတွင်းမှာ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွင်း လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင်ခွင့်ပြုထားတဲ့ လုပ်ငန်းရှင် ၈၁ ဦး ကနေ ထုတ်လုပ်တဲ့ လမ်းခင်းကျောက်များကို ပြည်ပသို့တင်ပို့ရောင်းချဖို့ ခွင့်ပြုထားတဲ့ဟာမျိုး လုံးဝခွင့်ပြုထားခြင်းမရှိပါ” ဟု ဆိုသည်။

    ၎င်းအပြင် လမ်းခင်းကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို သတ်မှတ်စည်းကမ်းနှင့်အညီ ထုတ်လုပ်ရန်၊ ခွင့်ပြုထားသည့် ကျင်းအရေအတွက်ထက် ပိုမိုမထုတ်လုပ်ရန်၊ အပတ်စဉ်ကျောက်ထုတ်လုပ်မှုစာရင်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးပို့ရန်နှင့် ခွင့်ပြုထာသည်ထက် ပိုထုတ်လိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ကို တောင်းခံရန် ညွှန်ကြားထားသည်ဟု ၎င်းကဆက်ပြောသည်။

    ပေါင်မြို့နယ်ရှိ ကျောက်မိုင်းကုမ္ပဏီတစ်ခုမှ စင်ကာပူကို ကျောက်တင်သွင်းရန် ကျိုက်ထိုရှိ ကျောက်မိုင်းတစ်ခုဆီက ကျောက်ကျင်းရေ တစ်သိန်းခန့် ဝယ်ယူရန်ကမ်းလှမ်းထားသည်ကို ကြားသိခဲ့ရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ဆိုသည်။

    “ကျင့်ဝတ်အရ ဘယ်ကုမ္ပဏီလည်း ကျွန်တော်မပြောဘူး။ ကျိုက်ထိုမြို့နယ်က ကုမ္ပဏီတစ်ခု ကျောက်မိုင်းထုတ်တဲ့ ကုမ္ပဏီတစ်ခု။ သူကဘာပြောလဲဆိုတော့ အစ်ကို့ မဲဆန္ဒနယ်က ကုမ္ပဏီတစ်ခု ကျွန်တော့်ကို ကျောက်ကျင်းတစ်သိန်း အော်ဒါမှာတယ် စင်ကာပူ ပို့ဖို့တဲ့” ဟု ၎င်းက ဆက်ပြောသည်။

    ကျောက်မိုင်းကုမ္ပဏီတချို့သည် ကိုယ်ပိုင်ဆိပ်ကမ်းများကတစ်ဆင့် ရန်ကုန်သို့ လမ်းခင်းကျောက် တင်ပို့နေခြင်းရှိပြီး ကျောက်၊ သဲနှင့် ဘိလပ်မြေ လိုအပ်ချက်ရှိနေသော စင်ကာပူကို တရားဝင် တင်ပို့မှုလည်းရှိနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

    ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် ကျောက်မိုင်းလုပ်ငန်း ၈၁ ခု ခွင့်ပြုထားပြီး ကျိုက်မရောတွင် ၁၆ ခု၊ ရေးတွင် ၄ ခု၊ ဘီးလင်းတွင် ၂ ခု၊ ကျိုက်ထိုတွင် ၃၁ ခု၊ သထုံတွင် ၄ ခုနှင့် ပေါင်တွင် ၂၄ ခု ရှိကြောင်းသိရသည်။
    အဆိုပါ ကျောက်မိုင်းများမှ ၂၀၁၈ – ၁၉ ခုနှစ်တွင် ကျောက်ကျင်းရေ ၄၇၀,၀၀၀ ကျော် ထုတ်လုပ် ခွင့်ပြုခဲ့ပြီး အခွန်ငွေကျပ် သိန်းတစ်သောင်းနှစ်ထောင်ခန့် ရရှိမည်ဖြစ်ကြောင်း မွန်လုံနယ်ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

    Photo- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks