Homeသတင်းမွန်ပြည်နယ်မီတာခ Online စနစ်ပြောင်းလဲပေးရန် တိုက်တွန်းကြောင်းအဆို မွန်လွှတ်တော်တွင်ဆွေးနွေး

မွန်ပြည်နယ်မီတာခ Online စနစ်ပြောင်းလဲပေးရန် တိုက်တွန်းကြောင်းအဆို မွန်လွှတ်တော်တွင်ဆွေးနွေး

-

ရွှေရိုး (မော်လမြိုင်၊ မေ-၂)

လစဉ်ကြုံတွေ့နေရသည့် မီးတာခပေးသွင်းရခြင်းဒုက္ခအား မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Online (သို့) Mobile App အသုံးပြုသောဝန်ဆောင်မှုအား ပြောင်းလဲပေးရန် တိုက်တွန်းကြောင်းအဆိုကို ယနေ့စတင်ကျင်းပသော မွန်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ အဆိုတင်သွင်းပြီး ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ ပြည်သူတွေ မီးတာခကို ရုံးကိုသွားပြီး ပေးသွင်းနေရတာ လစဉ်ဒုက္ခကို ကင်းဝေးစေချင်တယ်၊ အရင်က MCC ကုမ္ပဏီက အိမ်တိုင်ရာရောက်ကောက်ခံတာကို အဆင်ပြေတယ်၊ အခု အဲဒီဝန်ဆောင်မှု ရပ်ဆိုင်းပြီးတော့ ပြည်သူတွေကိုယ်တိုင် သွားရောက်ပေးသွင်းနေရတယ်”ဟု ဦးအောင်ကျော်သူက ပြောသည်။

ယခင်ကာလများတွင် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဋ္ဌာနမှ MCC Computer Co,Ltd တို့ပူးပေါင်းပြီး Door to Door စနစ်ဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုခများကို ဝန်ဆောင်ခ (၂၀၀) ကျပ်ပေးဆောင်ပြီး ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ယင်းဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့သည်။

လျှပ်စစ်ဋ္ဌာနဝန်ထမ်းအင်အားလုံလောက်မှုမရှိခြင်းကြောင့် ဆက်ဆံရေးမပြေလည်မှုများ၊ ပြည်သူများမှ ရုံးနှင့် အိမ် အသွားအပြန်စရိတ်၊ အချိန်နောက်ကျမှ ပေးသွင်းရခြင်းကြောင့် ဒဏ်ကြေးပေးဆောင်ရမှုများ၊ မလိုလားအပ်သည့်ဓာတ်အားယူနစ်လွဲမှားမှုများကြောင့် ဋ္ဌာနနှင့် ပြည်သူများ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လျက်ရှိကာ ယင်းအခက်အခဲများကို အရေးကြီးကိစ္စရပ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရသည်မှာ ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် ဋ္ဌာနနှင့် အစိုးရတွင် တာဝန်ရှိကြောင်း ဦးအောင်ကျော်သူက ထောက်ပြ ပြောဆိုသည်။

ယင်းအဆိုကို အတည်ပြုပြီး ပြည်နယ်အစိုးရက အကောင်အထည်ဖော်မည်ဆိုပါက ဝန်ထမ်းအင်အားလိုအပ်မှုလျော့ချနိုင်ခြင်း၊ Paper Work လျော့ချနိုင်ခြင်း၊ Control Room မှ မီတာခများ စစ်ဆေးနိုင်ခြင်း၊ ပြည်သူများအတွက် သွားလာစရိတ်နှင့် ဒဏ်ကြေးပေးဆောင်ရမှု လျော့နည်းလာခြင်းနှင့် မီးတာခအသုံးပြုခကွဲလွဲမှုများ ပပျောက်ခြင်း စသည့် အကျိုးရလာဒ်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိမှာတော့ Mobile Pay ကို မြန်မာတစ်နိုင်လုံး အနှံ့အပြား သုံးစွဲနေကြပြီ။ အိမ်တိုင်းလိုလို မိုးဘိုင်ဖုန်းတွေကို အသုံးပြုနေကြတယ်။ မိုးဘိုင်စနစ်ကို အသုံးပြုခြင်းဖြင့် မိမိအိမ်မီတာခကို ကြည့်ရှုနိုင်သလို ရက်ချိန်းမလွန်နိုင်အောင်လည်း စာတိုပေးပို့နိုင်လို့ ရက်လွန်ကြေးပေးဆောင်မှုကနေ ကင်းဝေးသွားမှာဖြစ်တယ်” ဟု ဦးဇော်ဇော်ထူးက ထောက်ခံဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၂ ရက်နေ့မှစတင် ကျင်းပခဲ့သည်။

Photo- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(MNA)




ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts