spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းEAOs နှင့် ပြည်နယ်အစိုးရကြား NCA စာချုပ်ပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မွန်လွှတ်တော်တွင် မေးခွန်းမေးမြန်း

    EAOs နှင့် ပြည်နယ်အစိုးရကြား NCA စာချုပ်ပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မွန်လွှတ်တော်တွင် မေးခွန်းမေးမြန်း

    -

    ရွှေရိုး (မော်လမြိုင်၊ မေ-၂)

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs နှင့် ပြည်နယ်အစိုးရကြား NCA စာချုပ်ပါ အခန်း (၆) အပိုဒ် (၂၅) အပိုဒ်ခွဲ (က-၆) အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်များ နှစ်ဖက်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရန်ဆိုသည့်အပေါ် မည်သို့မည်ပုံစီစဉ်ထားရှိသည်ကို ယနေ့စတင်ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

    ယနေ့တွင်စတင်ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ယင်းသို့ မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

    “ဒီ NCA စာချုပ်အရဆိုရင် နှစ်ဖက်ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဘယ်လိုညှိနှိုင်းလဲ အဲဒီအဖြေကို လိုချင်တယ်။ လူထုက အဲဒါကို စိတ်ဝင်စားနေတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ယင်းမေးခွန်းနှင့် စပ်လျဉ်း၍ လုံခြုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်သက်ဆိုင်သည့်အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) သို့ တင်ပြအတည်ပြုချက်ရယူပြီးမှ ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

    တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်း စာချုပ် အပိုဒ် (၂၅) ပါ ကြားကာလဆောင်ရွက်ရမည့် အစီအစဉ်များအနေဖြင့် သက်ဆိုင်ရာအပစ်ရပ်နယ်မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး လှုပ်ရှားဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် သဘောတူသည့်အတွက် အပိုဒ်ခွဲ (၆) ပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်လျက်ရှိပြီး မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် လှုပ်ရှားမှုတစ်ချို့ကို တစ်ဖက်တစ်လမ်းက ဝိုင်ဝန်းဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    “ကျွန်တော်အနေနဲ့ ဒီမှာ တိုက်တွန်းချင်တာက ဝန်ကြီးကိုလည်း အပြုသဘောအနေနဲ့ဆွေးနွေးခဲ့တယ်ဆိုတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် Guide Line မရှိသေးခင်မှာ Guide Line ပေါ်လာအောင်တော့ ဘယ်လိုပုံစံမျိုးနဲ့ သွားရင်အဆင်ပြေမလဲဆိုတဲ့ဟာတွေ အောက်ခြေမှာ အကြေအလည်ညှိနှိုင်းပြီးတော့ ညှိနှိုင်းသဘောတူညီချက်နဲ့ အထက်ကိုတင်ပြပြီးတော့ ဒါလေးလုပ်သွားရင်ကောင်းမလားဆိုတဲ့ အတည်ပြုချက်ရယူရင်လည်း ပြည်သူလူထုအတွက် အကျိုးရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် မတ်လအတွင်း မုဒုံမြို့နယ် အဘစ်-တံခွန်တိုင်ကားလမ်းပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၆၈ ပြားနှင့် ဘိန်းစာရွက် (၄) ပိဿာ၊ ယူဆောင်လာသူ (၈) ဦးတို့ကို မွန်ပြည်သစ်ပါတီ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းသည့်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ကန့်ကွက်စာပေးပို့သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ဘူးသည်။

    Photo- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး(MNA)




    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks