spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းပိုးမွှားအန္တရာယ်ကာကွယ်နှိမ်နင်းရန် စိုက်ပျိုးရေးသင်တန်းကျောင်းနှစ်ခု မွန်တွင်ဖွင့်လှစ်မည်

    ပိုးမွှားအန္တရာယ်ကာကွယ်နှိမ်နင်းရန် စိုက်ပျိုးရေးသင်တန်းကျောင်းနှစ်ခု မွန်တွင်ဖွင့်လှစ်မည်

    -

    မင်းချမ်းညီ (မော်လမြိုင်၊ဧပြီ -၂၂)

    မွန်ပြည်နယ်အတွင်း ကျရောက်နေသည့် သီးနှံဖျက်ပိုးများကာကွယ်နိုင်ရန်အတွက် စိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (Agricultural Vocational Training School) နှစ်ကျောင်းကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    မေလဆန်းပိုင်းတွင် သထုံမြို့နယ်(ရိပ်သာခန်းမ)တွင်လည်းကောင်း၊ ဇွန်လဆန်းပိုင်းတွင် မုဒုံမြို့နယ်တို့တွင်လည်းကောင်း ဖွင့်လှစ်သွားမှာဖြစ်ပြီး တက်ရောက်မည့်တောင်သူများနှင့် စိတ်ဝင်စားသူများအတွက် စားဝတ်နေရေးကိစ္စအားလုံးကို တာဝန်ယူပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောသည်။

    ဦးကြည်စိုးက “မွန်ပြည်နယ်မှာ စိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းနှစ်ခုဖွင့်မယ်။ သထုံမှာ ဖွင့်မယ့်သင်တန်းကျောင်းက မိုးစပါးမစိုက်ခင် မေလထဲလောက်မှာဖွင့်မှာပါ။ အရင်ဆုံးစပြီးလုပ်မှာက ဆစ်ပိုးကာကွယ်နှိမ်နင်းခြင်းနဲ့ ခရုကာကွယ်နှိမ်နင်းခြင်းသင်တန်းတွေကို တောင်သူလယ်သမားတွေရော၊ ဌာနက ဝန်ထမ်းတွေကိုရော ဒီသင်တန်းကျောင်းမှာ သင်တန်းပေးဖို့ အစီစဉ်ရှိတယ်။ ကာကွယ်နည်းရော၊ နှိမ်နင်းနည်းပါပေါ့။ တောင်သူတွေအတွက် လက်တွေ့အသုံးချလို့ရတဲ့ သင်တန်းတွေပါပါတယ်။ နောက်ပိုင်းမှာလည်း မြေဆီလွှာထိန်းသိမ်းနည်းတွေပါ သင်တန်းပေးမှာပါ။ သထုံဘက်က သင်တန်းမှာက ရာသီသီးနှံအခြေခံပေါ့။ စပါးတို့ ပဲမျိုးစုံတို့ အခြေခံနဲ့ မုဒုံဘက်မှာတော့ ရာဘာနဲ့ ဥယျာဉ်ခြံသီးနှံအခြေခံ သင်တန်းတွေပေးမှာပါ။ အဓိကကတော့ တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးရေးအသိပညာကို ပိုပြီးတော့သိသွားအောင်လို့ပါ” ဟု ပြောသည်။

    အဆိုပါသင်တန်းကျောင်းတွင် မြေလွှာ(မြေဆီလွှာ) ဌာန၊ မျိုးစေ့ဌာနနှင့် ပိုးမွှားကာကွယ်နှိမ်နင်းရေးဌာနမှ ဝန်ထမ်းများ၊ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အတွေ့အကြုံရှိဝန်ထမ်းများနှင့် ရုံးချုပ်က သီးနှံဌာနခွဲနှင့် မျိုး/ပိုး ဌာနခွဲက ဆရာများက သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး တက်ရောက်လိုသည့် သင်တန်းသားများ၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနကို အမြန်ဆုံးစာရင်းပေးသွင်းရန် လိုအပ်ကြောင်းသိရသည်။

    “ဒီသင်တန်းမှာက တောင်သူတွေကို ပညာပေးတဲ့နေရာမှာ နှစ်ပိုင်းခွဲထားတယ်။ တချို့တောင်သူတွေ နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတဲ့အခါ နည်းပညာပိုင်းမှာ အဆင်ပြေတဲ့တောင်သူတွေနဲ့ ရိုးရိုးပုံမှန်တောင်သူတွေ ရှိတဲ့အတွက် ဘယ်တောင်သူကို ဘယ်လိုသင်တန်းပေးမလဲဆို ဒီသင်တန်းမှာ စီစဉ်ဆောင်ရွက်ထားပါတယ်။” ဟု ဦးကြည်စိုးက ဆက်ပြောသည်။

    သထုံမြို့နယ်မှ စိုက်ပျိုးရေးတောင်သူ ကိုမင်းမင်းဖြိုးက “ သင်တန်းပေးတယ်ဆိုတာ ကောင်းတဲ့အစီစဉ်တခုပါ။ တောင်သူတွေကလည်း သူတို့မှာရှိတဲ့အခက်ခဲတွေကို သူတို့နည်းသူတို့ဟန်နဲ့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းကြပြီးမှ မတတ်နိုင်တော့လို့ ဌာနဆိုင်ရာတွေကို အားကိုးတကြီးအကူအညီတောင်းကြတာမျိုးပါ။ ဌာနဆိုင်ရာက တာဝန်ရှိသူတွေကလည်း တောင်သူတွေကို ပြီးစလွယ်ပြောတာမျိုးတွေလည်းကြားနေရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ အခုလို သင်တန်းလေးတွေရှိတော့ ပိုးမွှားအန္တရာယ်တွေကို စနစ်တကျ ကာကွယ်နှိမ်နင်းလို့ရသွားတာပေါ့။” ဟု ဆိုသည်။

    ဘီးလင်းမြို့နယ်မှ လယ် ၁၈ ဧကရှိသည့် တောင်သူတစ်ဦး၏ လယ် ၁၅ ဧကခန့်ကို ဒေသအခေါ် ခရုယားဆိုသည့် ရွှေခရုများ ဖျက်ဆီးနေခြင်းကြောင့် ပြီးခဲ့သည့် တောင်သူတွေ့ဆုံပွဲ၌ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြရာ အဆိုပါ ခရုများကို ဆွေမျိုးများပါခေါ်ပြီး ဆင်းဖမ်းနှိမ်နင်းရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သဖြင့် လူထုအကြားဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။


    ဓာတ်ပုံ – မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks