spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားတပ်များအင်အားတိုးချဲ့လာပါက ငြိမ်းချမ်းရေးပို၍အလှမ်းဝေးသွားနိုင်ဟု နိုင်ဟံသာပြော

    တိုင်းရင်းသားတပ်များအင်အားတိုးချဲ့လာပါက ငြိမ်းချမ်းရေးပို၍အလှမ်းဝေးသွားနိုင်ဟု နိုင်ဟံသာပြော

    -

    မွန်သတင်းအေဂျင်စီ(ဧပြီ ၁၈)

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်UWSP/UWSA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်အင်အားတိုးချဲ့လာပါက ငြိမ်းချမ်းရေး ပို၍အလှမ်းဝေးသွားနိုင်ကြောင်း ပန်ဆန်းမြို့သို့ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက သတင်းထောက်များကို ပြောကြားခဲ့သည်။

    နိုင်ဟံသာက “ UWSA စစ်အင်အားပြနိုင်တော့ သူတို့အပေါ် အစိုးရဘက်က ဘာမှလွှမ်းမိုးနိုင်တဲ့ပုံစံတွေ မရှိဘူးပေါ့ဗျ၊ အခြားအဖွဲ့တွေမှာလည်း အဲလိုအမြင်မျိုးရှိသွားရင် သူတို့(EAOs) ကလည်း သူတို့ တပ်အင်အားကြီးမားအောင် တည်ဆောက်လာရင် ကျနော်တို့နိုင်ငံက ပိုပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးသွားနိုင်တယ်” ဟု ဆိုသည်။

    ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့၌ ကျင်းပခဲ့သော “ဝ”ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု အနှစ် ၃ဝ ပြည့် အခမ်းအနားတွင် UWSA စစ်သည်အင်အား ၇၆၀၀ ခန့်၊ အထူးတိုက်ခိုက်ရေးတပ်၊ ခြေလျင်တပ်၊ လက်နက်ကြီးတပ်၊ ဝေဟင်ပစ်ပုခုံးထမ်းလက်နက်၊ အတွဲလိုက်ပစ်လက်နက်၊ သံချပ်ကာဖြိုလက်နက်များနှင့် မောင်းသူမဲ့ဒရုန်းလေယာဉ်ငယ်များလည်း ပါဝင်ကြောင်း သတင်းများတွေ့ရှိရသည်။

    နိုင်ဟံသာက “NLD အစိုးရကို ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေ တော်တော်လေးကို မျှော်လင့်ခဲ့တယ်ဗျ၊ တကယ်တန်း NLD အစိုးရတက်လာတော့ သူတို့က တပ်မတော်ကို လုံးဝဆန့်ကျင်ပြီးတော့မှ အတိုက်အခံမလုပ်ရဲဘူး ဖြစ်နေတယ်၊ သူတို့က တပ်မတော်နောက်လိုက်သဘောမျိုး ဖြစ်နေတယ်၊ တပ်မတော်ကိုဘဲ သူတို့က ဝိုင်းပြီးကာကွယ်နေတယ်” ဟု ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိ NLD အစိုးရအပေါ် ယုံကြည်မှုကျဆင်းနေသည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

    UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းက “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးရန် အစိုးရကိုတောင်းဆိုလိုက်ပြီး မိမိတို့ရည်မှန်းချက်ပန်းတိုင်ရောက်စေရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်မရမီကာလတွင် တစ်ဖက်က ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးအလံကို လွှင့်ထူပြီး တစ်ဖက်မှာလည်း လက်နက်နှင့် ကာကွယ်ရေးအလံကို လွှင့်ထူထားမည်ဖြစ်ကြောင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

    အဆိုပါ “ဝ”ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု အနှစ် ၃ဝ ပြည့် အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့ခဲ့သလို UWSA နှင့်ငြိမ်းချမ်းရေးစတင်ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လည်း ပေးပို့ခဲ့သည်ဟု သိရသည်။

    အခမ်းအနားသို့ တရုတ်နိုင်ငံ အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်း၊ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၊ အထူးဧည့်သည်တော်များ၊ ဒေသခံလူထုများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

    ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသော “ဝ” တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်အစိုးရ SLORC နှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး အနှစ် ၃၀ အတွင်း တိုက်ပွဲကြီးကြီးမားမားမရှိခဲ့ကြောင်း၊ လက်ရှိတွင် ခန့်မှန်းတပ်ဖွဲ့ဝင် ၃ သောင်းခွဲလောက်ရှိသည့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း၊ ဝဒေသ၌ လူဦးရေ ၆ သိန်းကျော်ရှိကြောင်း သိရသည်။


    Photo-“ဝ”ဒေသ ငြိမ်းချမ်းရေးအနှစ် ၃ဝ ပြည့် စစ်ရေးပြအခမ်းအနား(Facebook)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks