spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းစပါးဖျက် ခရုများကို လယ်ကွင်းထဲဆင်းဖမ်းနှိမ်နင်းရန် မွန်ဝန်ကြီးချုပ်ပြောကြားချက် ဝေဖန်မှုမြင့်တက်

    စပါးဖျက် ခရုများကို လယ်ကွင်းထဲဆင်းဖမ်းနှိမ်နင်းရန် မွန်ဝန်ကြီးချုပ်ပြောကြားချက် ဝေဖန်မှုမြင့်တက်

    -

    မင်းချမ်းညီ(မော်လမြိုင်၊ ဧပြီ -၁၃)

    လယ်ယာစိုက်ပျိုးတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံပွဲတစ်ခု၌
    စပါးဖျက်ခရုများဖျက်ဆီးနေမှုကို လယ်သမားတစ်ဦးက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြရာ ခရုများဆင်းဖမ်းပြီး ထုချေကာမြေသြဇာအဖြစ် အသုံးပြုရန် ပြောကြားသည့်အပေါ် ဝေဖန်မှုများ မြင့်တက်လာသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ခရု ဖျက်တာ ဖမ်းမနိုင်ဘူးလား၊ တစ်အိမ်လုံး ဆင်းပြီးတော့ ဖမ်းပေါ့။ခရုက သူများနိုင်ငံမှာ ရောင်းစားနေတာလေ။ပိုက်ဆံရတယ်လေ။ အဲ့ဒီခရုကို အကုန်လုံးဖမ်းပြီး ကြိတ်ပြီးတော့ ဝဲထည့်လိုက်ပြီးရောပေါ့။ အကုန်စုပြီးတော့ သွားဖမ်းလိုက်လေ။ ခရုက စားလို့လည်းရတယ်၊ ဝဲလုပ်လို့လည်းရတယ်။ဘယ်လောက်ကောင်းလဲ။ မိန်းမတွေရော၊ ကလေးတွေရော အကုန်လုံးဝိုင်းဖမ်းလို့ မနိုင်ရင် အိမ်ဘေးက အမျိုးတွေပါ ခေါ်ဖမ်းရင် ပြီးတာပဲကို။” ဟု ဆိုသည်။

    ဧပြီလ ၈ ရက်နေ့က ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၌ ပြုလုပ်ခဲ့သည့် တောင်သူတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဘီးလင်းမြို့နယ်၊ ဆန်စပါးအသင်း ဥက္ကဌ ဦးမြင့်ဦးက “တောင်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြောတဲ့အနေအထားမှာ တောင်သူတွေကတော့ ဝေဖန်တာပေါ့။ ဝန်ကြီးချုပ်ပြောတာတွေက ကလေးကလားဆန်တယ်ဆိုတာမျိုးပေါ့။ ခရုတွေကို အခုထိန်းသိမ်းသုတ်သင်လို့ မနိုင်တော့တဲ့အနေအထားပါ။ အရင်တုန်းက ခရုတွေနဲ့ ဒီ နှစ်နှစ်နောက်ပိုင်းပေါ်လာတဲ့ခရုက အမျိုးအစားချင်းမတူဘူး။ အခုခရုက ပေါက်ဖွားနှုန်းတအားများတယ်၊ တစ်နှစ်ပတ်လုံးကို ပေါက်နေတယ်။ ခရုတစ်လုံးက ဥက ထောင်ဂဏန်းနဲ့ချီပြီးပေါက်နေတယ်။ လယ်ထဲမှာ ဘယ်လိုမှကို နှိမ်နင်းမနိုင်တော့ဘူး။ မိုးစပါးရော နွေစပါးပါ ပျက်ဆီးနေပြီ။” ဟု ပြောသည်။

    တောင်သူများအနေဖြင့် တနိုင်တပိုင် ခရုကောက်ရုံမက ပိုးသတ်ဆေးဖြန်းသော်လည်း ပေါက်ဖွားနှုန်းမြန်ဆန်လွန်းမှုကြောင့် မနှိမ်နင်းနိုင်ဘဲ ဆုံးရှုံးနစ်နာနေရကြောင်း တောင်သူများက ပြောသည်။

    အမည်မဖော်လိုသော ဒေသခံတောင်သူတစ်ဦးက “အဲ့ဒီခရုက ယားတယ်၊ စားလို့မရပါဘူး။ လိုက်ကောက်လို့ရတဲ့ခရုလည်းမဟုတ်ဘူး။ လယ်ကွက်တစ်ကွက်ကို ထောင်နဲ့သောင်းနဲ့ချီဝင်နေတဲ့ခရုပါ။ ခရုက အချိန်တိုလေးအတွင်းမှာ တော်တော်များများဖျက်ဆီးနိုင်တယ်။ ခရုထိတဲ့သူတွေကတော့ တော်တော်လေးဒုက္ခရောက်ကြတယ်” ဟု ပြောသည်။

    ဒေသအခေါ် ခရုယားများသည် ရေချိုတွင် ပေါက်ဖွားရှင်သန်လေ့ရှိပြီး စပါးခင်းတစ်ခုကို တစ်ညအတွင်း ဖျက်ဆီးပစ်နိုင်သကဲ့သို့ ရက် (၃၀) အရွယ် စပါးခင်းများသည်လည်း ခရုအန္တရာယ်သတိထားရန်လိုအပ်သဖြင့် စိုက်ပျိုးဦးစီးဌာနအနေဖြင့် တောင်သူများကို အသိပညာပေးလုပ်ငန်းများဆောင်ရွက်သွားမည်ဟု သိရသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကုန်ဈေးနှုန်းကျလိုပါက ဟင်းတစ်မယ်သာ စားကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြားမှုအပေါ် ဝေဖန်မှုပြင်းထန်ခဲ့သေးသည်။


    Photo- စပါးဖျက်ခရုကိစ္စကို မွန်ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြစဉ်(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks