spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းပြည်သူများဒုက္ခရောက်မည်ကို ဘယ်တော့မှမလုပ်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း ကတိပေး

    ပြည်သူများဒုက္ခရောက်မည်ကို ဘယ်တော့မှမလုပ်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း ကတိပေး

    -

    စန္ဒာဉာဏ် (ဧပြီ-၃)

    မိမိတို့ပြည်သူများ ဒုက္ခရောက်စေမည့်အလုပ်ကို ဘယ်တော့မှ လုပ်ဆောင်မည်မဟုတ်ကြောင်း ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ဧပြီလ ၂ ရက်နေ့က ရေးမြို့နယ် သပြေရွာသစ်ကျေးရွာ၌ ကျင်းပခဲ့သော Southern Myanmar Development Co., Ltd မှ အကောင်ထည်ဖော်မည့် စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြသည့်အခမ်းအနားတွင် ပြည်သူများကို ကတိပေးခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်က ကော့ဒွတ်ရွာသား။ ဒီနယ်ရဲ့အမတ်တစ်ယောက်ပဲ။ ကျွန်တော်တို့ ပြည်သူတွေဒုက္ခရောက်မယ့်အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒီကတိစကားဟာလည်း တစ်သက်လုံးပျောက်သွားဖို့ မရှိပါဘူး” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    Southern Myanmar Development Co., Ltd မှ ရေးမြို့နယ်၊ သပြေရွာသစ် ပင်လယ်ကမ်းခြေအနီးတဝိုက်၌ ပိုက်လိုင်းဆီတင်ချဆိပ်ကမ်းနှင့် သိုလှောင်ကန်တည်ဆောက်ခြင်း၊ ဓာတ်ဆီ ဒီဇယ်ဆီ ဖြန့်ဖြူးခြင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ချရပ်နား၍ LPG သိုလှောင်ဖြန့်ဖြူးမည့်သင်္ဘော( Floating Storage Unit) စီမံကိန်းများ လုပ်ဆောင်မည်ဟု အဆိုပါ ကုမ္ပဏီမှသိရသည်။

    “လက်ရှိအစိုးရ လက်ရှိကုမ္ပဏီတွေဟာ အရင်အစိုးရလို လုပ်လို့မရတော့ဘူး၊ ပြည်သူလူထုကို ချပြပြီးမှ ဆက်လုပ်လို့ရမယ်။ အခု စီမံကိန်းအတွက် ပြည်သူကို စတင်ပြီးပြောပြတာ” ဟု ဒေါက်တာမင်းစိုးလင်းက ဆက်ပြောသည်။

    အဆိုပါစီမံကိန်းနှစ်ခုအတွက် ပြည်ထောင်စုအစိုးရ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် မွန်ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရထားပြီးသော်လည်း ပြည်နယ်လွှတ်တော်၏ သဘောထားအတွက် တွေ့ဆုံဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

    သို့ရာတွင် အခမ်းအနား တက်ရောက်ခဲ့သူ သပြေရွာသစ်ကျေးရွာမှ နိုင်မွန်ထောက “သူတို့ဒီနေ့ရှင်းပြတာကို အမျိုးသမီးတွေဆို ပိုတောင်နားမလည်ဘူး။ အမျိုးသားတွေဆိုရင် ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုအကြောင်းကို လေ့လာထားတဲ့သူလောက်ပဲ နည်းနည်းပါးပါးသိကြတယ်။ သူတို့ကောင်းတယ်လို့ ပြောလိုက်တာနဲ့ သဘောတူပြီ။ ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးကို နားမလည်သေးဘူး” ဟု
    ပြောသည်။

    ယခုကဲ့သို့ လာရောက်ရှင်းလင်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ရွာသားများ သိပ်နားမလည်ကြကြောင်း၊ နာရီဝက်ခန့်နောက်ကျ၍အခမ်းနားစတင်ပြီး ၁၅ မိနစ်ခန့်စော၍ပြီးသောကြောင့် ဒေသခံများအနေဖြင့် မေးခွန်းအချို့မေးမြန်းချိန်မရခဲ့ဟု ၎င်းက ဆက်ပြောသည်။

    ယင်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၂ သန်းရှိပြီး လက်ရှိတွင် Southern Myanmar Development Co., Ltd သည် သပြေရွာသစ် အပါအဝင် ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ၁၅ ရွာကို ၂၄ နာရီအပြည့် လျှပ်စစ်မီးဖြန့်ဖြူးလျက်ရှိသည်။

    Caption- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း ကတိပေးပြောကြားစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks