Homeသတင်းNRPC နှင့် အပစ်မရပ်ရသေးသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ငြိမ်းချမ်းဆွေးနွေးပွဲစတင်ကျင်းပ

NRPC နှင့် အပစ်မရပ်ရသေးသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ငြိမ်းချမ်းဆွေးနွေးပွဲစတင်ကျင်းပ

-

မွန်သတင်းအေဂျင်စီ(မတ် ၂၁)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော် NRPC ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် NRPC ဒုဥက္ကဋ္ဌ(၂) ဒေါက်တာတင်မျိုးဝင်းက “ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်များ ပါဝင်လာဖို့ အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေး တံခါးကို အမြဲတန်းဘဲ ဖွင့်လှစ်ထားပါတယ်။ NCA ဟာ လမ်းဆုံး မဟုတ်ပါဘူး။ နိုင်ငံရေး တံခါးကို စတင်ပြီးတော့ ဖွင့်လှစ်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ဒါကြောင့် NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ NCA မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ စိုးရိမ်စိတ်တွေ၊ အခက်အခဲတွေ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောကြားပေးဖို့ ကျနော် မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။

ထို့ပြင် အဖြူရောင်နယ်မြေဖြစ်သော ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန်ကြိုးစားခြင်းသည် လုံခြုံရေးကိုခြိမ်းခြောက်လာသည့်အတွက် အစိုးရက ထိုက်သင့်သောလုံခြုံရေးကိုဆောင်ရွက်နေသည်ဟု သဘောပေါက်ရန်လိုအပ်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ထို့အတူ တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့အား တစ်ဖွဲ့ချင်းစီအလိုက် မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း NRPC ဖိတ်ကြားစာအရ သိရသည်။

သို့ရာတွင် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အဆုံးအဖြတ်ပေးနိုင်သည့် ဥက္ကဌများ ဦးဆောင်ခဲ့ခြင်းမဟုတ်ဘဲ ဒုတိယတန်းခေါင်းဆောင်များသာ ပါရှိသဖြင့် သဘောတူညီမှု အဆုံးအဖြတ်ပေးရာတွင် အခက်အခဲများရှိလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်သူများက ဝေဖန်ကြသည်။

NCA လက်မှတ်ရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကိုယ်စားလှယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ မိုင်းလား PSC/NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ ကချင် KIO/KIA ဗဟိုကော်မတီဝင် ဦးဘရန်နန်၊ ကရင်နီ KNPP ဗဟိုကော်မတီ ခူတော်ရယ်၊ ရက္ခိုင် ULA/AA အတွင်းရေးမှူး(၁) ဦးကျော်ဟန်၊ ပလောင် PSLF/TNLA ဗဟိုကော်မတီဝင် တားအမာဝ်း ၊ “ဝ” UWSP/UWSA မြောက်ပိုင်း မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ဦးအားမင်၊ ကိုးကန့် MNTJP/MDAA ဆက်ဆံရေးဌာန တာဝန်ခံ လီကျားခွန်တို့ ဦးဆောင်ခဲ့သည်ဟု သတင်းမှတ်တမ်းအရ သိရသည်။


Photo- NRPC နှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ငြိမ်းချမ်းဆွေးနွေးပွဲ (Hla Maung Shwe)



ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts