spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ငြိမ်းချမ်းခြင်းအားဖြင့် အရှိန်အဟုန်ဖြင့်တိုးတက်ရန်အလားအလာများရှိကြောင်း သမ္မတဦးဝင်းမြင့်က ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့သို့ သဝဏ်လွှာပေးပို့

    မွန်ပြည်နယ်ငြိမ်းချမ်းခြင်းအားဖြင့် အရှိန်အဟုန်ဖြင့်တိုးတက်ရန်အလားအလာများရှိကြောင်း သမ္မတဦးဝင်းမြင့်က ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့သို့ သဝဏ်လွှာပေးပို့

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၀)

    ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် အစဉ်အလာများခန့်ညားထယ်ဝါလှသည့် မွန်ပြည်နယ်သည် ပထဝီအနေအထားအရ ငြိမ်းချမ်းရေးရရှိခြင်းအားဖြင့် ဆယ်စုနှစ်အနည်းငယ်အတွင်း အရှိန်အဟုန်ဖြင့်တိုးတက်ရန်အလားအလာများကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့မြင်နေရပြီဖြစ်ပါကြောင်း သမ္မတဦးဝင်းမြင့်က မတ်လ ၁၉ ရက်နေ့တွင်ကျရောက်သော ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ပါဝင်လာသည့်အတွက်လည်း များစွာဝမ်းမြောက်ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုယ် မောင်နှမအားလုံးအနေဖြင့် ရရှိပြီးသောသဘောတူချက်များကို ဆက်လက်ထိန်းသိမ်းကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်စေရေးအတွက် တက်တက်ကြွကြွဆက်လက်ပါဝင်ကြမည်ဟုလည်း ယုံကြည်မိပါကြောင်း သဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။

    မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းကြာရှည်မျှော်လင့်တောင့်တကြခဲ့ရသော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် လက်နက်ကိုင်ပဋိပက္ခ၏ အရင်းခံ အကြောင်းတရားများဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်၊ တိုင်းရင်းသားညီအစ်ကိုယ် မောင်နှမများအားလုံးလက်ခံနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တတိယအကြိမ်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖက်ဒရယ်မူအချို့ကို သဘောတူညီမှုရရှိခဲ့ပြီးဟု ပါရှိသည်။

    သို့သော်လည်း လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်းသားညီအစ်ကိုယ် မောင်နှမအချင်းချင်းကြား နိုင်ငံရေးအယူဝါဒမတူညီမှုများနှင့် သံသယများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်းမပြုနိုင်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့သည့်အတွက် ယနေ့ထိတိုင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းမှုမရှိသေးခြင်း ဖြစ်သည်ဟု ဆိုသည်။

    မွန်ပြည်နယ်သည် မွန်နှင့် ဗမာလူမျိုးအများဆုံးနေထိုင်ကြပြီး ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း စသည့် ညီအစ်ကိုယ်မောင်နှမများပါ အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့်ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း) တွင် မွန်ပြည်နယ်အဖြစ် စတင်ကမ္ဗည်းတင်ရေးသားခဲ့သည့် ၁၉၄၇ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိန်းအမှတ်အခမ်းအနား နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၅) နှစ်တိုင်တိုင် ရောက်ရှိပြီဖြစ်ပါကြောင်း ဖော်ပြပါရှိသည်။

    ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်များအတွက် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်မည့် ဖွံ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မွန်ပြည်နယ်သူ၊ မွန်ပြည်နယ်သားများကလည်း ပြည်ထောင်စုသားအားလုံးနှင့် လက်တွဲပူးပေါင်း၍ အားထုတ်ကြိုးပမ်းကြမည်ဟု အခိုင်အမာယုံကြည်ပါသည်ဟု သမ္မတသဝဏ်လွှာတွင် တိုက်တွန်းရေးသားထားခြင်း ဖြစ်သည်။

    Photo- ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့သို့
    သမ္မတဦးဝင်းမြင့် ပေးပို့သော သဝဏ်လွှာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks