Wednesday, March 11, 2026
More
    spot_img
    Homeသတင်းအစိုးရ၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို တိုင်းရင်သားလက်နက်ကိုင် ၈ ဖွဲ့လက်ခံတက်ရောက်မည်

    အစိုးရ၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို တိုင်းရင်သားလက်နက်ကိုင် ၈ ဖွဲ့လက်ခံတက်ရောက်မည်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၇)

    အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးမှုကမ်းလှမ်းချက်ကို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်း ကော်မတီ FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လက်ခံတက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    လာမည့်မတ်လ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ NRPC ရုံး၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းစီအား အစိုးရဖိတ်ခေါ်ထားခြင်းဖြစ်သော်လည်း မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့က FPNCC အနေဖြင့် တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း UWSP “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

    အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲကို KNPP ကလည်း တက်ရောက်မည်ဖြစ်ကြောင်း KNPP အတွင်းရေးမှူး ခူးပလူးရယ်မှ သိရသည်။

    ထိုအတူ အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီကို မတ်လ ၂၂ ရက်နေ့တွင် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က သီးသန့်ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း NRPC ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

    ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီတွေ့ဆုံမှုမှာ ဘယ်လိုရလဒ်တွေထွက် လာမလဲစောင့်ကြည့်ရမှာပါ။ ရလဒ်ကောင်း ထွက်မယ်ဆိုရင် ကိုယ့်အဖွဲ့ကိုယ်ထိန်းရင်း တိုက်ပွဲတွေ လျော့နည်းသွားဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်”ဟု မြန်မာတိုင်းမ်းသို့ သုံးသပ်ပြောဆိုခဲ့သည်။

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP, ကချင်ပြည်လွတ်မြောက်ရေးအဖွဲ KIO, ရှမ်းပြည်အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ PSC, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားရေးပါတီ MNTJP, ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF, ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့အား ဖိတ်ကြားထားခြင်း ဖြစ်သည်။

    လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC , ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA, ချင်းအမျိုးသားတပ်ဦး CNF, ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, ကျောင်းသားတပ်မတော် ABSDF, မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU စသည့်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။


    Photo- FPNCC ခေါင်းဆောင်များ(FPNCC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks