spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသမီးဖိုရမ် မော်လမြိုင်မြို့တွင်ကျင်းပပြီးစီး

    မွန်အမျိုးသမီးဖိုရမ် မော်လမြိုင်မြို့တွင်ကျင်းပပြီးစီး

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၇)

    မွန်အမျိုးသမီးများကွန်ယက် MWN ဦးစီး၍ မွန်အမျိုးသမီးများဖိုရမ် Mon Women’s Forum ကို မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

    ၃ ရက်ကြာကျင်းပခဲ့သော အဆိုပါ မွန်အမျိုးသမီးများဖိုရမ်သို့ မွန်ပြည်နယ်မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးစီအပါအဝင် ကရင်ပြည်နယ်၊ ရန်ကုန်၊ တနင်္သာတိုင်းဒေသကြီးနှင့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသတို့မှ အမျိုးသမီးကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ကြောင်း သိရသည်။

    မွန်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဌ မိကွန်းချမ်းနွန်က “မွန်အမျိုးသမီးရဲ့ အသိအမြင်တွေနှီးနှောဖလှယ်တဲ့ပွဲ တစ်ခုကျင်းပတာပေါ့၊ ဒီနေ့ဟာ မွန်အမျိုးသမီးနေ့လည်းဖြစ်တဲ့အတွက် ဒီညမှာ အခန်းအနား ကျင်းပဖို့ စီစဉ်ထားလို့ပါ၊ ဒါကြောင့် ဒီနေ့မွန်းလွဲပိုင်းမှာ အခမ်းအနားအတွက်ပြင်ဆင်စရာတွေရှိသေးတော့ ဒီဖိုရမ်ကို အချိန်စောပြီး ရပ်နားပါတယ်” ဟု ပြောသည်။

    မွန်အမျိုးသမီးများကွန်ယက်တွင်ပါဝင်သော အဖွဲ့များတစ်ခုချင်းစီမှ အမြင်ဖလှယ်ခြင်း၊ လက်ရှိနိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှုတို့ကို ဆွေးနွေးမျှဝေခြင်း၊ မွန်အမျိုးသမီးများကွန်ယက်တွင်ပါဝင်သော အမျိုသမီးအဖွဲ့အစည်းများ ရှေ့လုပ်ငန်းစဉ်များတွင် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြမည်ကို ကြိုတင်ပြင်ဆင်ထားခြင်း စသည့်အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် မွန်အမျိုးသမီးအများစုမှာ ကျေးရွာအဆင့်များတွင်သာ ပိုမိုလှုပ်ရှားနေကြသည်ကို တွေ့ရှိရပြီး တိုက်နယ်၊ မြို့နယ်အဆင့် အမျိုးသမီးအဖွဲ့အစည်းများတွင် ပိုမို၍ပါဝင်လှုပ်ရှားစေလိုကြောင်း ဖိုရမ်သို့တက်ရောက်လေ့လာသူ မွန်အမျိုးသားလူငယ်တစ်ဦးက အကြံပြုသည်။

    ၎င်း မွန်အမျိုးသားလူငယ်က “ကျနော့်အတွေ့အကြုံအရ မွန်အမျိုးသမီးအများစုဟာ မိမိတို့ကျေးရွာအဆင့်တွေမှာပဲလှုပ်ရှားနေကြတာတွေ့နေရတော့ သိပ်ပြီးအားမရမိဘူး၊ သိပ်တော်တဲ့အမျိုးသမီးအချို့လောက်ပဲ တိုက်နယ်အဆင့်ကို ရောက်ရှိလာတာပါ၊ ဒီကနေ့အခြေအနေမှာဆိုရင် အဲဒီထက်ပိုပြီး မြို့နယ်လုံးဆိုင်ရာအဆင့်တွေမှာ သူတို့ကိုပါဝင်လှုပ်ရှားစေချင်တယ်” ဟု ဆိုသည်။

    မွန်အမျိုးသမီးများကွန်ယက်သည် ၁။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်၌ အမျိုးသမီးများပါဝင်နိုင်ရေး။ ၂။ ကျားမကွဲပြားမှုကိုအခြေခံ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး၊ အမျိုးသမီးများအပေါ်ကူညီပံ့ပိုးရေးနှင့် တရားမျှတမှုရှိရေး။ ၃။ ဒေသတွင်းရှိအမျိုးသမီးတို့၏အသံများကို အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့်တို့နှင့် ချိတ်ဆက်၍ စည်းရုံးလှုပ်ဆော်ရေး စသည့်ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသမီးများကွန်ယက်ကို မွန်အမျိုးသမီးများအစည်းအရုံး(MWO)၊ စံပြလူထုအခြေပြုဖွဲ့ဖြိုးရေးအသင်း(JCSDO)၊ အမျိုးသမီးနှင့် ခလေးအခွင့်အရေးစီမံကိန်း(WCRP)၊ တိုးတက်သောမွန်လူငယ်အသင်း (MYPO)၊ Cetena ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CDF)၊ Tara ဖောင်ဒေးရှင်း/နယ်စပ်အခြေပြုကျန်းမားရေးအဖွဲ့(BHI)၊ မွန်လူငယ်ပညာပေးရေးအသင်း (MYEO) နှင့် မွန်အမျိုးသားပညာရေးကော်မတီ (MNEC) တို့မှ အမျိုးသမီးများခေါင်းဆောင်များဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။


    Photo- မွန်အမျိုးသမီးများဖိုရမ် တက်ရောက်သူများ(MWF)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts