ဗိုလ်မှူးကြီးကောင်းရွတ်သည် မွန်ပြည်သစ်ပါတီတွင် ၃၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားအနားယူခဲ့သူ ဖြစ်သည်။ နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်ရပ်ဆွေးနွေးပွဲများတွင် စစ်ဘက်ရေးရာကိစ္စရပ်များကို အဓိကဦးဆောင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်ခဲ့သည့်အတွက် လက်ရှိ NCA လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီအပေါ် ၎င်း၏အမြင်သုံးသပ်ချက်များအား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းချက်ကို မြန်မာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။
မေး- မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးခဲ့တာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ၊ အခုလို လက်မှတ်ရေးထိုးပြီးတဲ့အနေအထားမှာ ဖြစ်ပေါ်လာတဲ့သက်ရောက်မှုတွေအပေါ် အားသာချက် အားနည်းချက်တွေကို သုံးသပ်ပေးစေလို?
ဖြေ-မွန်ပြည်သစ်ပါတီဟာ မြန်မာပြည်တောင်ဘက်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်တယ်၊ ၁၉၉၅ ခုနှစ်ကတည်းက သေနတ်သံတွေစဲခဲ့တဲ့ ကျနော်တို့ဒေသခံတွေဟာ စစ်ပွဲတွေပြန်ဖြစ်လာမှာကို မလိုလားကြတော့ဘူး၊ အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်၊ တနည်းပြောရင် ငြိမ်းချမ်းစေချင်တာပေါ့၊ ဒီလိုပါပဲ ထိုင်းနိုင်ငံဘက်မှာ နယ်စပ်ဘက်မှာ အလုပ်သွားလုပ်ကိုင်နေကြတဲ့ မွန်တွေကလည်း လိုလားကြတယ်၊ စစ်ပွဲတွေကိုလည်း မမြင်ချင်ကြတော့တဲ့ အနေအထားကို ရောက်ရှိလာတယ်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုအနေနဲ့ All Inclusive အားလုံးပါဝင်ရေးအတွက် မွန်ပြည်သစ် တင်းခံပြီးရပ်တည်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ မွန်ပြည်သူတွေလိုလားချက်အတိုင်း မွန်ပြည်သစ်က NCA လက်မှတ်ရေးထိုးတာလို့ မြင်တယ်၊ ၂၀၁၂ မှာလည်း အစိုးရနဲ့ Bilateral Agreement ရေးထိုးခဲ့ပြီးသားဖြစ်တဲ့အတွက် NCA ရေးထိုးတာကလည်း ကြီးမားတဲ့အပြောင်းအလဲတစ်ခုလို့ မဆိုလိုချင်ပါဘူး၊ ဒါနဲ့ NCA ရေးထိုးဖြစ်သွားတော့ နိုင်ငံရေးရာသီဥတု ပိုမိုကောင်းမွန်လာတဲ့အနေအထား ရောက်လာတယ်လို့ ဆိုရမှာပေါ့၊ NCA မထိုးတဲ့အကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်မှာ တပ်မတော်က Bilateral Agreement ကို ချိုးဖောက်ပြီး ဝင်ရောက်သိမ်းဆည်းခဲ့တဲ့ မွန်တပ်တည်နေရာတွေ ကျနော်သိသလောက် ၄ နေရာ၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က ဇီးနှစ်ပင်၊ ဘုရားတောင်၊ ချောင်းနှစ်ခွဘက်မှာ တစ်နေရာ၊ အဘစ်လမ်းဝဘက်တစ်နေရာကို NCA လက်မှတ်ရေးထိုးပြီးလည်း မွန်ပြည်သစ်ကို ပြန်မအပ်သေးဘူး၊ အစိုးရနဲ့ တပ်မတော်ဘက်က အမျိုးမျိုးအကြောင်းပြပြီး ဘောလီဘောပုတ်နေကြတယ်။
မေး- NCA လက်မှတ်ထိုးလိုက်တဲ့အပေါ် မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား?
ဖြေ- မွန်ပြည်သစ် NCA လက်မှတ်ရေးထိုးပွဲမှာ ဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းမှာပြောခဲ့တာရှိတယ်၊ NCA ဟာ ပန်းတိုင်မဟုတ်ဘူးဆိုတာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့၊ ဖက်ဒရယ်အခြေခံမူတွေ ချမှတ်နိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ ပါဝင်နိုင်ဖို့ပါ၊
NCA လက်မှတ်ရေးထိုးတဲ့အတွက် မွန်ပြည်သစ်အတွက်ရော ဒေသခံပြည်သူတွေအတွက်ပါ အကျိုးဖြစ်ထွန်းမှုရှိပါတယ်၊ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးဖို့ တံခါးတွေပွင့်လာတာလို့ ဆိုရမှာပေါ့။ ရေးမြို့ပေါ်မှာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းနိုင်တဲ့အတွက် မွန်လူထုအလွှာအသီးသီးက ဖက်ဒရယ်နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ရှိခဲ့တာပေါ့၊ ဒါပေမယ့် အဲဒီဆွေးနွေးပွဲရလဒ်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံရောက်သွားတဲ့အခါမှာ ဘယ်ရောက်သွားမှန်းမသိ ဖြစ်သွားတာပဲ။ အချက်အလက်ကောင်းတွေ ဘယ်လောက်ပဲစုဆောင်းခဲ့တယ်ဆိုဦးတော့ ပြည်ထောင်စုအဆင့်မှာ ဘယ်ချောင်ထိုးထည့်မှန်းမသိ ဖြစ်သွားတယ်။
မေး-ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပြုလိုပါသလဲ?
ဖြေ-ကျနော့်အမြင်ကတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး လောလောဆယ်မှာ ၃ ချက်ရှိပါတယ်။ (၁) ကျနော်တို့လိုလားတဲ့ ဖက်ဒရယ်စနစ်ရောက်ရှိလာအောင် လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဘယ်လောက်များ အပြုအပြင် ခံနိုင်မလဲ ဒါကိုသိဖို့လိုတယ်၊ (၂) ကိုယ်ပိုင်ပြဌာန်းခွင့်ကို သူတို့(အစိုးရ-တပ်မတော်) ဘယ်အတိုင်းအတာအထိ လက်ခံထားသလဲ ဒါကုလည်း ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်၊ (၃) အရေးကြီးဆုံးဖြစ်တဲ့ အမျိုးသားတန်းတူရေးကို ဘယ်လိုလက်ခံထားသလဲ အဓိပ္ပါယ်ဘယ်လိုဖွင့်ဆိုသလဲ ၇ တိုင်း ၇ ပြည်နယ်ကို တန်းတူရေးလို့ခေါ်ဆိုတာလား၊ ဗမာတိုင်းရင်းသားတွေအနေနဲ့ ဘာဖြစ်လို့ ဗမာပြည်နယ်ကို လက်မခံရတာလဲ၊ ဒါကိုရှင်းရှင်းလင်းလင်းသိအောင် သူတို့ကို ကျနော်တို့ မေးမြန်းသင့်တယ်။
မေး-NCA ထိုးပြီးတော့ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးတွေ ဘယ်လိုတိုးတက်ဖြစ်ထွန်းမှုတွေ ရှိပါသလဲ?
ဖြေ- NCA နဲ့ပတ်သက်ပြီး ပြောရရင် လက်မှတ်မထိုးရင် အစိုးရရော တပ်မတော်ပါ ဖိအား Pressure အမျိုးမျိုးပေးပါတယ်၊ စစ်ပွဲတွေပြန်ဖြစ်ရင်လည်း ကျနော်တို့ပြည်သူတွေပဲ နစ်နာမှာ ဆိုတော့ ရှေ့က NCA လက်မှတ်ရေးထိုးထားတဲ့ တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ရေစီးကြောင်းအတိုင်း လိုက်ပါရပါတယ်၊ အကောင်းဘက်ကိုရှုမြင်မယ်ဆိုရင် ဒေသခံပြည်သူတွေ စစ်ဘေးဒဏ်မခံစားရဘူး၊ ဒါပေမယ့် တဖက်နဲ့ သိပ်ပြီးကြေလည်တဲ့အနေအထားမရောက်သေးဘူးဆိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးအလုပ်အကိုင်တွေ ဘာမှလည်းဖြစ်မလာသေးပါဘူး၊
အရင်အတိုင်း ဒုံရင်းဒုံရင်းပဲ ဆက်သွားနေရပြီး အင်အားတွေ ထပ်ပြီးမလျော့နည်းသွားအောင် ဆက်ထိန်းနေရတယ်၊ အရင်ခေတ်ကာလနဲ့မတူတော့တာက စစ်ပွဲတွေရပ်စဲသွားခဲ့တာပဲ၊ ဒါပေမယ့် မွန်ပြည်သစ်မှာတော့ စစ်ရေးလမ်းစဉ်တစ်ခုတည်းနဲ့ အဓိကသွားနေတာမဟုတ်ပါဘူး။
မေး-၁၉၉၅ ခုနှစ်က မွန်ပြည်သစ်အပစ်ရပ်စဲခဲ့တာနဲ့ NCA လက်မှတ်ထိုးတာ ဘယ်လိုတွေကွာခြားသလဲ?
နဝတ စစ်အစိုးရလက်ထက် ၁၉၈၉-၉၀ ကတည်းကစလို့ ငြိမ်းချမ်းရေးဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အပစ်ရပ်သဘောတူညီမှုတွေလုပ်ခဲ့တယ်၊ ကျနော်တို့ မွန်ပြည်သစ်ကလည်း ၁၉၉၃ ခုနှစ်နှစ်ကုန်ပိုင်းကစပြီး ၁၉၉၅ ခုနှစ် မေလ တရားဝင်အပစ်ရပ်စဲတဲ့အထိ ၅ ကြိမ်တိတိ ဆွေးနွေးပွဲလုပ်ခဲ့တဲ့နေရာတွေမှာ ကျနော်ကိုယ်တိုင်လည်းပါဝင်ခဲ့ပါတယ်။ စစ်အစိုးရကလည်း သဘောတူညီချက်အရ ကျနော်တို့အတွက် အမြဲတန်းတပ်တည်နေရာ ယာယီတပ်တည်နေရာတွေကို သတ်မှတ်ပေးခဲ့တယ်၊ ဆန်ရိက္ခာအပြင် စက်သုံးဆီ၊ ငွေကြေးတွေကိုလည်း လစဉ်ထောက်ပံ့ပေးခဲ့တာ ရှိတယ်။
သစ်လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ မော်တော်ယာဉ်လိုင်းတွေ ဖွင့်ခွင့်ပေးတယ်၊ ပါတီရပ်တည်ရေးအတွက် အထောက်အပံ့တွေပေးပြီး ယုံကြည်မှုတွေကိုလည်း တည်ဆောက်တယ်၊ အဲဒီယုံကြည်မှုတွေကို တည်ဆောက်ရင်းနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးချိန်အထိ သူတို့အချိန်ဆွဲနိုင်ခဲ့တယ်၊ ဒီနေရာမှာ ကျနော်တို့ မွန်ပြည်သစ်အနေနဲ့ ပါတီပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အားနည်းချက်တွေရှိခဲ့တယ်၊ ဒါကြောင့်မို့လည်း ပါတီဝင်တပ်ဖွဲ့အင်အား အရေအတွက် အလိုလိုကျဆင်းခဲ့ရတာပါ။
ဒီကနေ့အနေအထားမှာဆိုရင် နိုင်ငံရေးရေစီးကြောင်းကလည်း ပြောင်းလဲဖြစ်ပေါ်နေတဲ့အတွက် ကိုယ်မထင်ထားတဲ့အရာတွေ ဖြစ်ပေါ်နေတယ်၊ ၂၀၁၀ အပြောင်းအလဲမှာ နိုင်ငံရေးအခွင့်အလမ်းတွေ ပွင့်လင်းလာတာကို အလျဉ်မမီတဲ့သူတွေအများကြီး ကျန်ရစ်ခဲ့တယ်၊ တိုက်ပွဲသဏ္ဍာန်က အနေအထားအမျိုးမျိုးနဲ့ အလွန်ကျယ်ပြန့်လာပါတယ်၊ မထင်မှတ်တာတွေ ဖြစ်ပေါ်လာတယ်၊ ၂၀၁၀ ခုနှစ်မှာ အစိုးရသစ်တရပ်တက်လာတဲ့အခါ ဖြေလျော့မှုတွေလည်း ပါလာတော့ လူထုတွေပိုပြီး မျက်စိပွင့်လာကြတယ်၊ ကွန်ပျူတာ၊ IT နည်းပညာတွေနဲ့အတူ သတင်းစီးဆင်းမှုတွေကလည်း ကမ္ဘာအနှံ့ပိုပြီးမြန်ဆန်လာတယ်၊ ဆက်သွယ်ရေးကွန်ယက်တွေလည်း ပိုမိုကျယ်ပြန့်လာတဲ့အပေါ် မင်သက်သလို အံ့အားသင့်ကုန်ကြပြီး ဘာတွေလုပ်ရကောင်းမှန်းမသိ ဖြစ်သွားခဲ့တာရှိတယ်။
မေး-လက်ရှိ အပစ်ရပ်စဲရေးနဲ့ အစိုးရအပေါ် ဘယ်လိုမြင်မိပါသလဲ?
ဖြေ-ဒီကနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေါ်အောင်စုကြည်တို့ အာဏာရရှိထားတယ်ဆိုပေမယ့်လည်း အစိုးရ ၂ ခုပုံစံမျိုးပေါက်နေတယ်၊ ဒေါ်အောင်ဆန်စုကြည် ဦးဆောင်တဲ့အစိုးရတစ်ခု၊ တပ်မတော်အစိုးရတစ်ခု၊ ဒီအင်အားနှစ်ခုဟာ အားပြိုင်မှုတွေရှိနေပါတယ်၊ တပ်မတော်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အာဏာပြန်ရဖို့ လုပ်ဆောင်နေတာတွေ့ရတယ်၊ တဖက်မှာလည်း မပေးမဖြစ်တော့တဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကိုလည်း ရှိနေတယ်၊ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို ဒေါ်စုတို့ ပေးမှ ရမှာမဟုတ်ပါဘူး၊ တပ်မတော်က ဖွင့်ပေးရင်ဖြစ်နိုင်တယ်၊ ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ အာဏာရလာတဲ့ ဒေါ်စုတို့လည်း မလုပ်ပေးနိုင်သေးဘူး၊ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်က တံခါးဖွင့်ပေးမှဖြစ်လာမယ်လို့ မြင်တယ်၊ ကာချုပ်ပြောထားတာရှိတယ် သူ့ပြည်နယ်နဲ့သူ့ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်နိုင်ဖို့ အခြေခံဥပဒေပြင်ပေးလို့ရတယ်ဆိုတာမျိုး၊ တပ်ဘက်က ဖွင့်ပေးမှဖြစ်နိုင်မယ်လို့ မြင်တယ်။ NLD ပါတီအနေနဲ့ ဒီအတိုင်း ပြင်ဖို့လွယ်ကူလိမ့်မှာမဟုတ်ဘူးလို့ ယူဆတယ်။
မေး-မွန်နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါသလဲ?
ဖြေ- လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်ရရင် ပြည်သူတွေတခဲနက်မဲပုံအောပေးခဲ့တဲ့ ဒေါ်စုရဲ့ NLD ပါတီဟာ အာဏာရလာတဲ့အခါ စွမ်ဆောင်ရည်မရှိတာတွေ အတော်များများတွေ့ရတယ်၊ ကျနော်တို့နိုင်ငံမှာက အင်အားကြီး ပါတီ ၂ ရပ်ရှိတယ်၊ NLD နဲ့ USDP ပေါ့၊ နောင်ဆိုရင် ကိုကိုကြီး(ပြည်သူ့ပါတီ)၊ ဦးရွှေမန်းပါတီတို့လည်း ထွက်လာမှာပေါ့၊ ဘယ်လိုပဲပြောပြော လာမယ့် ၂၀၂၀ မှာတော့ ဒေါ်စုရဲ့ပါတီဟာ ၂၀၁၅ လို သောင်ပြိုကမ်းပြိုမဲပြန်ရဖို့က မလွယ်ဘူး၊ တပ်ချုပ်ပြောသလို သူ့ပြည်နယ် သူ့ဝန်ကြီးချုပ်ရွေးချယ်ခွင့်ရလာတဲ့အခါကျရင် ညွန့်ပေါင်းအစိုးရတွေဖြစ်လာဖို့ အလားအလာများတယ်။ ဒါဆိုရင် သက်ဆိုင်ရာဒေသခံ တိုင်းရင်းသားပါတီတွေကို ခုနကပြောတဲ့ပါတီတွေ မဟာမိတ်ဖွဲ့ဖို့ကြိုးစားပါလိမ့်မယ်၊ NLD ပါတီဟာ ရွေးကောက်ပွဲတွေမှာ ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်မဖွဲ့ဘူး၊ နေရာအားလုံးမှာ သူတို့ပါတီပဲ အနိုင်ယူချင်တယ်၊ NLD ရွှေးကောက်ပွဲသမိုင်းမှာ ဘယ်တိုင်းရင်းသားပါတီတွေကိုမှ ငဲ့ညှာခဲ့တာ မရှိပါဘူး၊
ဦးရွှေမန်း ပါတီကတော့ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလာတယ်၊ ကျနော့်အမြင်က ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီက လုံးဝမတူပါဘူး၊ ဖက်ဒရယ်ကိုအရင်ဦးစားပေးသင့်တယ်၊ အများဆန္ဒအတိုင်းဆိုတဲ့ ဒီမိုကရေစီက လိုက်လာမှာပါ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ အာဏာခွဲဝေခြင်းပါဘဲ။ အာဏာခွဲဝေပြီးမှပဲ ဒီမိုကရေစီကို သွားသင့်တယ်လို့မြင်တယ်။
ကျနော်တို့ မွန်တိုင်းရင်းသားပါတီတွေအနေနဲ့ ကျနော်တို့နိုင်ငံ ဘယ်လိုပြန်လည်တည်ဆောက်သွားမလဲ ဆိုတဲ့အပေါ် အမြင်သဘောထားတွေ တစ်ထပ်တည်းဖြစ်နေဖို့လိုတယ်၊ ပြီးတော့ စီးပွားရေး၊ ပညာရေးစတဲ့ ကဏ္ဍအသီးသီးတွေမှာလည်း နည်းပညာ အတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် နည်းလမ်းရှာကြံရပါမယ်၊ ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့ မွန်တိုင်းရင်းသားတွေအနေနဲ့လည်း တနေ့ကျရင် မိမိဒေသတွေမှာ အတတ်ပညာနဲ့ အရင်းအနှီးတွေယူလာပြီး ဘယ်လိုရင်းနှီးမြှုပ်မှုတွေ ဆောင်ရွက်သင့်သလဲဆိုတာ စဉ်းစားထားဖို့လိုတယ်၊ သူများနိုင်ငံမှာ တစ်သက်လုံးကျွန်သွားလုပ်ဖို့မဟုတ်ပါဘူး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် အခုအချိန်ကာလကစတင်ပြီး မိမိတို့မှာ ပြင်ဆင်သင့်တာကို ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းလိုပါတယ်။