spot_img
Saturday, June 22, 2024
More
    spot_img
    Homeမေးမြန်းချက်CHAMPION FOR GENDER EQUALITY 2019 ဆုရရှိသူ မိချယ်ရီစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

    CHAMPION FOR GENDER EQUALITY 2019 ဆုရရှိသူ မိချယ်ရီစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

    -

    ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံ၌ မတ်လ ၉ ရက်နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ကျားမ တန်းတူရေး၊ အမျိုးသမီးနှင့်ကလေးငယ်များအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများအနက် GENDER EQUALITY NETWORK ၏ CHAMPION FOR GENDER EQUALITY 2019 ဆုရရှိသူ မွန်ပြည်နယ်စံပြလူထုအခြေပြု အမျိုးသမီးနှင့်ကလေး တာဝန်ခံ “မိချယ်ရီစိုး” အား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီက တွေ့ဆုံမေးမြန်းခဲ့သည်။

    မေး– အစ်မမင်္ဂလာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အစ်မဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦးခင်ဗျာ။

    ဖြေ- အစ်မလုပ်ခဲ့တဲ့ ကျား၊မ တန်းတူညီမျှရေး၊ အမျိုးသမီးနဲ့ ကလေးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး လုပ်နေတဲ့အလုပ်နဲ့ ဖြတ်သန်းခဲ့တဲ့ ဆောင်ရွက်ချက်တွေကို သူတို့ကအသိအမှတ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ Champion of Gender equality ကို ရရှိခဲ့တယ်။

    မေး – ဒီဆုကို ဘယ်လိုရွေးချယ်ပေးကြတာလဲ။ အစ်မအနေနဲ့ ဘယ်လိုဆောင်ရွက်ခဲ့တာတွေကြောင့် ဒီဆုရခဲ့တာလဲ။

    ဖြေ- ဆုကိုတော့ သူတို့က အမျိုးသမီး နဲ့ ကျား၊ မ တန်းတူရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့သူတွေကို GENDER EQUALITY NETWORK က ထောက်ခံပေးတဲ့သူ၊ အမည်စာရင်းပေးသွင်းတဲ့သူရှိရမယ်။ အဖွဲ့အစည်းသော်လည်း၊ လူပုဂ္ဂိုလ်သော်လည်းကောင်း သူတို့ရဲ့ လုပ်ဆောင်နေမှုကို အဆိုတင်သွင်းပေးရတယ်။ ဒီအဆိုတင်သွင်းမှုအပေါ်မှာလက်ခံလားဆိုပြီးတော့ သူတို့က ပြန်ဆက်သွယ်တယ်ပေါ့။ ကိုယ့်ရဲ့သဘောတူညီမှုကိုယူပြီး အွန်လိုင်း VOTING နဲ့ သွားတယ်။ အဲ့ထဲက ထိပ်ဆုံးရောက်နေတဲ့သူ ၃ ဦးကို အမျိုးသမီးအခွင့်အရေးတို့ GENDER နဲ့ပတ်သက်ပြီးလုပ်နေတဲ့ ဒိုင်လူကြီး ၅ ဦးကနေ ဆုံးဖြတ်ပြီး ဒီဆုကို ရွေးချယ်တာပေ့ါ။ ဒီဆုကို မွန်ပြည်နယ်က ကျွန်မနဲ့ GENDER အဖွဲ့က ကိုငြိမ်းချမ်း ရရှိခဲ့ပါတယ်။

    မေး- လက်ရှိ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ ညီမျှ အခွင့်အရေး ဘယ်လောက်ထိ ရရှိပြီလဲ။

    ဖြေ- အမျိုးသမီးတွေက အိမ်မှာပဲနေရတာတို့၊ သားသမီးတွေရဲ့အရေးကလည်း အမျိုးသမီးအရေးပဲ ဆိုပြီး အိမ်တွင်းမှာပဲ အမျိုးသမီးတော်တော်များများ အလုပ်လုပ်နေရတာတွေရှိတယ်။ သီးခြားပြောနေကြတာတွေရှိတယ်။ မွန်မှာ ဘုရင်မတောင်ရှိခဲ့တယ်ဆိုပြီးတော့လေ။ ဒါပေမယ့် အမျိုးသားတွေ မရှိမှသာလျှင် အမျိုးသမီးတွေက ဝင်လုပ်ရတဲ့ အခြေအနေပဲရှိပါတယ်။ အမျိုးသားတွေရှိနေတဲ့အတွက် အမျိုးသားတွေကိုပဲ ဦးစားပေးနေဆဲပါပဲ။ တကယ်ပဲ ကျား၊ မ တန်းတူမှု မရှိဘူးလို့ ဆိုချင်တယ်။ ကဏ္ဍတိုင်းမှာ အောက်ခြေအဆင့်ကနေ ထိပ်ဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့အဆင့်ထိ အမျိုးသမီးတွေရှိနေဖို့အရေးကြီးတယ်။

    မေး – ထိပ်ပိုင်းဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေရှိနေဖို့ ဘာကြောင့်အရေးကြီးတယ်လို့ထင်လဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အမျိုးသမီးတွေ ပိုပြီး ပါဝင်လာနိုင်ရင် ဘာအခွင့်အလမ်းတွေရလာနိုင်မလဲ။

    ဖြေ- ကျွန်မတို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပတဲ့နေရာမှာလည်း အမျိုးသမီးတွေ ပါဝင်မှု ရာခိုင်နှုန်း တော်တော်လေးနည်းပါးတယ်။ ပါဝင်ဖို့ အခက်ခဲတွေလည်းရှိကြတယ်။ ဆွေးနွေးတဲ့အကြောင်းအရာ တွေမှာလည်း အမျိုးသမီးအကြောင်းအရာတွေကို ထည့်သွင်းဖော်ပြတာတို့ အဲ့ဒါတွေက အားနည်းနေသေးတယ်။ ထုတ်ထားတဲ့စာတမ်းတွေအရလည်း အဲ့ဒီအပိုင်းတွေမှာ အမျိုးသမီးတွေ သိသိသာသာ လိုအပ်မှု ပြနေပါတယ်။ အမျိုးသမီးပါဝင်ခြင်းက အမျိုးသမီးတွေရဲ့အတွေးအခေါ်၊ မတူကွဲပြားတဲ့အတွေးအခေါ်တွေ၊ အမျိုးသမီး အကြောင်းအရာတွေပိုပြီးတော့ ပြည့်စုံအောင် ဆွေးနွေးနိုင်မှာပါ။ ကျွန်မတို့နိုင်ငံမှာက နိုင်ငံရေးအသိုင်းဝိုင်းထဲ အမျိုးသမီးခေါင်းဆောင်မှုအပိုင်းက အရေးကြီးတယ်ဆိုတာကို လက်ခံလောက်တဲ့အခြေအနေ မရောက်သေးဘူး။ အဲ့လိုရောက်ဖို့ကျွန်မတို့ကြိုးစားနေကြတယ်။ ဓလေ့ထုံးတမ်းမြင့်တဲ့နိုင်ငံမှာ ဓလေ့ထုံးတမ်းကို ကျော်ဖြတ်နိုင်ဖို့ စနစ်တစ်ခုတော့လိုတာပေါ့။ ကျွန်မတို့ တောင်းဆိုနေကြတာက အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို နိုင်ငံရေးပါတီမှာသော်လည်းကောင်း၊ ငြိမ်းချမ်းရေးညီလာခံမှာသော်လည်းကောင်း ပြဌာန်းဖို့ကို အဆင့်ဆင့်တောင်းဆိုခဲ့ကြတယ်။ နောက်ဆုံးကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ဒါကို တင်ပြဆွေးနွေးခဲ့ပေမယ့် မရရှိခဲ့ဘူး။ နိုင်ငံရေးပါတီမှာလည်း အခုချိန်ထိ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံရေးပါတီမှ ဒီစနစ်ကို မကျင့်သုံးထားဘူး။ သုံးလိုက်ပြန်ပျက်သွားလိုက်နဲ့ ကျွန်မတို့မွန်နိုင်ငံရေးမှာလည်း အဲ့လိုပါပဲ။ မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်လိုသူတွေက သူတို့ဖွဲ့စည်းပုံရေးဆွဲတဲ့နေရာမှာ မွန်နိုင်ငံရေးညီလာခံကျင်းပပြီးမှ ရေးဆွဲတာဖြစ်တဲ့အတွက် အဲ့ဒီထဲမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို အဆိုတင်သွင်း ထည့်သွင်းရေးဆွဲခဲ့ပေမယ့် အခုပြန်ပေါင်းလိုက်တဲ့အခါမှာ ပြန်ပြုတ်သွားပြန်ရော။ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်မှု စနစ်တစ်ခုကို ကျင့်သုံးဖို့ မရှိခဲ့ဘူး။ ဒါပေမယ့် NLD မှာတော့ အရည်အချင်းတူရင် အမျိုးသမီး ဦးစားပေးမယ်။ လူငယ်ဦးစားပေးမယ်ဆိုတော့ သူတို့ရဲ့ ပေါ်လစီထဲမှာတော့ နည်းနည်းပါးပါးရှိသေးတယ်။ အမျိုးသမီးတွေ လိုအပ်မှုရှိတယ်ဆိုတာ တချို့တွေတော့ လက်ခံပေမယ့် မမြင်သေးတဲ့သူတွေ၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးက အမျိုးသမီးတွေနဲ့ မသက်ဆိုင်ပါဘူးဆိုတဲ့သူတွေလည်း အများကြီး ရှိနေသေးတယ်။ အမျိုးသမီးတွေလိုအပ်နေတာကို အသိအမှတ်မပြုသလို အရေးကြီးတယ်လို့လည်း မခံယူကြတဲ့အတွက်မို့ ဒီစနစ်က မဖြစ်ပေါ်လာသေးဘူး။ ပါဝင်ရုံလောက် မကောင်းတတ်လို့သာ ထည့်ပေးရတာမျိုး ဖြစ်နေသေးတယ်။

    မေး- မွန်ပြည်နယ်မှာရော နိုင်ငံရေးအသိုင်းဝိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်က ဘယ်လိုရှိလဲ။

    ဖြေ- ပြီးခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ မတိုင်မီ သုတေသနတစ်ခုလုပ်ထားတယ်။ လွှတ်တော်အသိုင်းအဝိုင်းမှာ မွန်၊ ကရင် ၊ တနင်္သာရီ လွှတ်တော်အသိုင်းဝိုင်းတွေထဲမှာ အမျိုးသမီးပါဝင်မှု ဘာကြောင့်အားနည်းနေတာလဲ ဆိုတာကို ကျွန်မတို့ လုပ်ကြတယ်။ ပြည်နယ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက နည်းနည်းများသေးတယ်။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက အမျိုးသမီး သုညပဲ။ ဒါပေမယ့် အခုလွှတ်တော်မှာတော့ ၆ ယောက် ရလာတယ်။ အယောက် ၃၀ မှာ အမျိုးသမီးက ၆ ယောက်ဆိုတော့ ၂၀ မှ ၂၆ ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့ တခြားပြည်နယ်ထက်စာရင် မွန်ပြည်နယ်က လွှတ်တော်အသိုင်းဝိုင်းမှာကောင်းလာတယ်။ ဒါပေမယ့် ကြည့်လိုက်ရင် လူဦးရေရဲ့ ထက်ဝက်တော့ မရောက်သေးဘူးပေါ့။

    မေး – ကဏ္ဍအားလုံးမှာ အမျိုးသမီးပါဝင်မှုက အခုနောက်ပိုင်း ဘယ်လိုအခြေအနေရှိလဲ။ အရင်ကထက်စာရင် တိုးတက်လာလား၊ လျော့နည်းလာလား။

    ဖြေ- အခုက အမျိုးသမီးပါဝင်မှု အရင်ထက်စာရင်တော့လည်း တဖြည်းဖြည်းကောင်းလာတယ်။ အလှူရှင်တွေနဲ့ ထောက်ပံ့ငွေတွေက အမျိုးသမီးတွေအတွက် ကြည့်လာတဲ့အတွက် ပါဝင်ဖို့အခွင့်အရေးတွေရှိလာတယ်။ ကျွန်မတို့အမျိုးသမီးတွေက လိုအပ်တဲ့အရည်အချင်းတွေလည်းရှိတယ်။ လုပ်လည်းလုပ်ဆောင်နိုင်တယ်။ ဓလေ့ထုံးတမ်းတွေဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ပါဘူး၊ အမျိုးသမီးတွေ မလုပ်နိုင်ဘူးဆိုတဲ့ ယုံကြည်မှုပျက်စေတာတွေကို ဖယ်ရှားသင့်တယ်။ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့အခက်ခဲတွေဖြစ်တဲ့ အကြမ်းဖက်မှုသော်လည်းကောင်း၊ မိသားစုအသိုင်းအဝိုင်း၊ လွှတ်တော်အသိုင်းဝိုင်းတို့မှာလည်း အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ပံ့ပိုးပေးတဲ့အနေနဲ့ အမျိုးသမီးပါဝင်မှု ဆောင်ရွက်သင့်တယ်။ ကျား၊ မ တန်းတူညီမျှမှုရှိပြီးမှ လုပ်ဆောင်မယ်ဆိုရင်ပိုပြီးတော့ အောင်မြင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မတို့အမျိုးသမီးတွေကို ချန်ထားခြင်းအားဖြင့် ၅၀ ရာခိုင်နှုန်းကျော်သော အတွေးအခေါ်နဲ့ အင်အားတွေကို ချန်ထားခဲ့သလိုမျိုး ဖြစ်တယ်။ ကျွန်မတို့နိုင်ငံက သူများထက်လည်း ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်။ ပြဿနာပေါင်းစုံလည်းရှိနေတဲ့အခါ အမျိုးသားစွမ်းအားနဲ့သာမက အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို လက်ကမ်းကြိုဆိုပြီး ဟန်ချက်ညီညီ လုပ်မယ်ဆိုရင် ပိုပြီးထိရောက်မြန်ဆန်မယ်လို့လည်း ယုံကြည်တယ်။

    မေး – တခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောပြပါဦး။

    ဖြေ- ကျား၊ မ တန်းတူအခွင့်အရေးကို တူတူပေးခြင်းဖြင့် ကျား၊မ တန်းတူညီမျှရေးတစ်နေ့တော့ရရှိလာမှာပါ။ အားကစားမှာလည်း ဘယ်အားကစားမဆို ဒါက ယောကျ်ားလေးအားကစား၊ မိန်းကလေးအားကစား၊ သားယောကျ်ားလေးဆိုရင် ပညာအဆင့်မြင့်မြင့်သင်ရမယ်။သမီးမိန်းကလေးဆို ဒါမသင်ရဘူး၊ ကွန်ပျူတာဆိုရင် ယောကျ်ားလေးမှ အင်ဂျင်နီယာဆို ယောကျ်ားလေးမှ ဆိုပြီး ခွဲခြားထားတာတွေရှိတယ်။ ဒါတွေကို ဒီလိုမမြင်ဘဲနဲ့ အခွင့်အရေးတွေဆိုပြီး တန်းတူပေးနိုင်အောင် ဆက်ပြီး ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။


    Photo- လူ၊ ကယ်၊ ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိချယ်ရီစိုးအား CHAMPION FOR GENDER EQUALITY 2019 ဆုပေးအပ်ပြီးအမှတ်တရဓါတ်ပုံ (Facebook)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,300SubscribersSubscribe
    spot_img

    Latest posts