spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းရာဘာစက်ရုံလုပ်ငန်းရှင်များ ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံညှိနှိုင်း

    ရာဘာစက်ရုံလုပ်ငန်းရှင်များ ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံညှိနှိုင်း

    -

    မင်းချမ်းညီ (မော်လမြိုင်၊ မတ် ၉)

    မွန်ပြည်နယ်မှ ရာဘာအရည်အသွေးနိမ့်ကျသဖြင့် ဈေးနှိမ်ခံနေရသည့် ပြဿနာများကို ဖြေရှင်းရန် ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအဖွဲ့ဝင်များနှင့် TSR/ MSR ရာဘာစက်ရုံလုပ်ငန်းရှင်များ မတ်လ ၈ ရက်နေ့က မွန်ပြည်နယ်အစိုးရရုံး၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က “ဒီဆွေးနွေးပွဲမှာ ရာဘာနဲ့ပတ်သက်တဲ့ပညာရှင်တွေ အစုံအလင် ဆွေးနွေးတဲ့ပွဲဆိုတော့ ဘက်ပေါင်းစုံကနေ အချက်အလက်ကောင်းတွေ အများကြီးထွက်လာတယ်။ ဈေးကွက်ဆိုလည်း ဈေးကွက် ၊ အရည်သွေးဆိုလည်းအရည်သွေး လိုအပ်တဲ့အပိုင်းတွေရဲ့ အချက်အလက်တော်တော်များများရခဲ့ပါတယ်။ အခုက ရာဘာစက်ရုံတွေ မွန်ပြည်နယ်မှာ ပိုများလာတဲ့အတွက် ကုန်ကြမ်းယှဉ်ပြိုင်မှုတွေ ပိုများလာတယ်။ ရာဘာအရည်အသွေးကောင်းမွန်လာတာနဲ့အမျှ တောင်သူတွေအတွက် အကျိုးအမြတ်ရှိလာမယ်” ဟု ပြောသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ရာဘာစိုက်တောင်သူများထံမှ အရည်သွေးနိမ့်ရာဘာများကို ဝယ်ယူပြီး ရာဘာအသန့်ပြန်လည်ထုတ်လုပ်သည့် Technical Specified Rubber (TSR) စက်ရုံလုပ်ငန်းရှင်များ၊ အစင်းပါ မှိုင်းတင်ရာဘာပြား (Ribbed Smoked Sheet – RSS) စက်ရုံလုပ်ငန်းရှင်များ၊ Myanmar Standard Rubber (MSR) စက်ရုံလုပ်ငန်းရှင်များ၊ ရာဘာပညာရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတို့က ရာဘာအရည်အသွေးနှင့် ဈေးနှုန်းပြဿနာများကို တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    မုဒုံမြို့နယ်ရှိ ရွှေမြန်မာ ရာဘာစက်ရုံပိုင်ရှင် ဦးခင်မောင်ဝင်းက “ကွာလတီ အရည်အသွေး အတိုင်းအတာဟာ အမှန်တော့ဈေးကွက်ပါပဲ။ ကုန်သည်တွေနဲ့ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ လုပ်ငန်းကိုင်ငန်းတွေကို လျှောလျှောရှူရှူ လုပ်ရပြီး အကျိုးမြတ်များများရမယ်ဆိုရင် သူတို့တွေ အပြိုင်အဆိုင်ဖြစ်လာကြမယ်။ အပြိုင်ဆိုင်ဖြစ်လာရင် ကျွန်တော်တို့ တောင်သူတွေရဲ့ ကုန်ကြမ်းတွေကို ဈေးကောင်းပေးဝယ်လာမယ်။ စက်ရုံတွေရဲ့ လိုအပ်ချက်အခက်ခဲတွေကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရက ပံ့ပိုးပြီးတော့ ယှဉ်ပြိုင်ခြင်းစနစ်နဲ့ လုပ်ပေးဖို့လိုတယ်။ ကျွန်တော်တို့စက်ရုံတွေကလည်း ကုန်ကြမ်းကောင်းကောင်းပဲဝယ်ချင်တယ်။ ကုန်ကြမ်းမကောင်းလို့ သဲတွေ၊ ဖုန်တွေ၊ အမှိုက်တွေပါလာတဲ့အခါ စက်တွေပျက်တာ ကုန်သည်နဲ့တောင်သူတွေက မခံရဘူး။ စက်ရုံသမားတွေပဲ ခံရတယ်” ဟု ပြောသည်။

    တောင်သူများအနေဖြင့် TSR စက်ရုံမှ လိုအပ်သည့် ရာဘာကုန်ကြမ်းအရည်အသွေးကိုရရှိအောင် သန့်စင်ပေးရန် လိုအပ်ပြီး ပြည်နယ်အစိုးရအနေဖြင့်အခြားပြည်နယ်နှင့်တိုင်းများမှ ရာဘာစက်ရုံလုပ်ငန်းရှင်များကို အပြိုင်အဆိုင်ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရန် လိုအပ်ကြောင်း TSR စက်ရုံလုပ်ငန်းရှင်များက ဆိုသည်။

    မော်လမြိုင် စက်မှုဇုန်ရှိ EPR ရာဘာစက်ရုံမှ ဦးအောင်ကျော်ညွန့်ကလည်း “ကျွန်တော်တို့က ကောင်းရင် ကောင်းတဲ့ပစ္စည်းကို ကောင်းသလိုပေးပြီးဝယ်တယ်။ မကောင်းတဲ့ပစ္စည်းကိုလည်း မကောင်းတဲ့ဈေးပေးဝယ်တယ်။ မွန်ပြည်နယ်မှာထွက်နေတဲ့ ရာဘာ RAW (ကုန်ကြမ်း) တွေက Demand နဲ့ Supply မမျှဘူး။ TSR စက်ရုံတွေမှာက ကျွန်တော်တို့ လိုချင်တဲ့ RAW တွေကို ရွေးပြီး ဝယ်ဖို့ အချိန်မရဘူး။ ရွေးပြီး ဝယ်ရင် ကျွန်တော်တို့ စက်ရုံတွေ ရပ်သွားလိမ့်မယ်။စက်ရုံတွေရပ်သွားရင် စက်ရုံလည်လည်၊ မလည်လည် ဝန်ထမ်းတွေကို လစာပေးထားရတယ်။ ဒါကြောင့် RAW တွေကို ခုလက်ရှိမှာ သောင်းပြောင်းအကုန်ဝယ်နေရတယ်။ ခြံသမားတွေ ဈေးပိုယူချင်တယ်ဆိုရင်တော့ ကောင်းအောင်လုပ်ပေးရင် ကွာလတီမကောင်းတာက အတိုင်းအတာ တစ်ခုထိ ပျောက်သွားလိမ့်မယ်” ဟု ပြောသည်။

    လက်ရှိမှာ မြန်မာ့ရာဘာဈေးသည် နိုင်ငံတကာ ဈေးကွက်နှင့်နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေပြီး ပြည်တွင်းပေါက်ဈေးမှာလည်း တနေလှန်းအလေးချိန်တစ်ပေါင်ကို ၇၀၀ မှ ၇၅၀ ကျပ် ဝန်းကျင်သာ ရရှိသည့်အတွက် ရာဘာလုပ်သားရှားပါးလာသလို အထွက်နှုန်းများလည်း လျော့ကျလာခဲ့သည်ကို တွေ့ရသည်။

    “TSR စက်ရုံလုပ်ငန်းရှင်တွေက ရာဘာအထူပြားတွေကို ဝယ်နေတော့ တောင်သူတွေက ရာဘာအထူပြားတို့ တစ်နေလှန်းတို့ဆိုတာ လွယ်လွယ်ကူကူလုပ်လို့ရပြီး ရောင်းလို့ ရနေတာပဲဆိုပြီးတော့ အဆင့်မြင့်ရာဘာပြားထုတ်ဖို့အတွက် မစဉ်းစားကြတော့ဘူး။ လွယ်လွယ်ကူကူရတာကိုပဲ စဉ်းစားကြတော့ တကယ်အဆင့်မြင့်တဲ့ရာဘာမထွက်နိုင်ဘဲနဲ့ TSR တွေဆီပဲ ရောင်းလိုက်ရတယ်”ဟု ဦးအောင်ကျော်ညွန့်က ဆက်ပြောသည်။

    မွန်ပြည်နယ်တွင် ရာဘာစိုက်ဧက ၅ သိန်းကျော်ခန့်ရှိပြီး ယခုအခါ ဧကတစ်သိန်းခွဲ ဝန်းကျင်ခန့် အစေးမလှီးနိုင်တော့သည့်အတွက် ယခင်က တစ်နှစ်လျှင်တန်ချိန် တစ်သိန်းကျော်ထုတ်လုပ်ခဲ့ရာမှ ယခုအခါ ခြောက်သောင်းဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

    Photo- ရာဘာကဏ္ဍ တွေ့ဆုံညှိနှိုင်းပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks