Sunday, March 8, 2026
More
    spot_img
    Homeသတင်းရာဘာဈေးဧကတစ်သိန်းကျော် အစေးမလှီးနိုင်သဖြင့် အထွက်နှုန်းလျော့ကျ

    ရာဘာဈေးဧကတစ်သိန်းကျော် အစေးမလှီးနိုင်သဖြင့် အထွက်နှုန်းလျော့ကျ

    -

    မင်းညီချမ်း (မော်လမြိုင်၊ မတ် ၈)

    ရာဘာဈေးဆက်တိုက်ကျဆင်းနေသလို ပြည်ပထွက်ခွာအလုပ်လုပ်သူ များပြားသည့်အတွက် ကျွမ်းကျင်လုပ်သားရှားပါးလာပြီး မွန်ပြည်နယ်က ရာဘာဧက တစ်သိန်းကျော် ရာဘာအစေးမလှီးနိုင်သဖြင့် အထွက်နှုန်းလျော့ကျလာကြောင်း မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

    မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ နိုင်ကျန်ရစ်က “မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ၅ သိန်းမှာ အစေးလှီးလို့ရတာ ၄ သိန်းလောက်ပဲရှိတယ်။ အဲ့ဒီ ၄ သိန်းမှာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဈေးကျပြီးတော့ အစေးလှီးတဲ့ဧကတွေ လျော့လာတယ်။ ရာဘာဈေးကျပြီးတော့ လုပ်သားရှားပါးပြီး လုပ်သားတွေက လုပ်ငန်းခွင်ကိုစွန့်ပြီးတော့ တခြားနိုင်ငံမှာ သွားလုပ်လို့ အမြဲတမ်းဖြစ်နေတဲ့ အစေးထွက်နှုန်း လျော့တဲ့ပြဿနာပါ အစားထိုးဝင်လာတဲ့ လုပ်သားတွေကလည်း ရာဘာအစေးလှီးတဲ့ စနစ်မှန်ကန်မှုနဲ့ အများကြီးဆိုင်တယ်။ အစေးလှီးကျွမ်းကျင်တဲ့သူလှီးတာနဲ့ မကျွမ်းကျင်တဲ့သူလှီးတာ ထွက်နှုန်းကွာတယ်။ မကျွမ်းကျင်တဲ့သူလှီးရင် အပင်ပျက်တယ်။ အခေါက်ပျက်တယ်။ နစ်နာမှုတွေ အများကြီးရှိနေတယ်” ဟု ဆိုသည်။

    ထို့အတူ ပြည်တွင်းရာဘာဈေးကျဆင်းနေမှုကြောင့် ရာဘာစိုက်ပျိုးမှု ကျွမ်းကျင်လုပ်သားများ ပြည်ပသို့ မိသားစုအလိုက် ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြရပြီး တချို့ရာဘာခြံများသည် လုပ်သားရှားပါးမှုကြောင့် အခြားသီးနှံပြောင်းလဲစိုက်ပျိုးခြင်း၊ ရာဘာခြံရောင်း၍ စက်သုံးဆီဆိုင်များအဖြစ်တည်ဆောက်လာခြင်း တို့ကြောင့် ရာဘာအထွက်နှုန်းများ ပိုမိုလျော့ကျလာရသည်ဟုလည်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သုံးသပ်ပြောဆိုကြသည်။

    ထိုင်းနိုင်ငံသို့ ရာဘာအစေးလှီး ၁၀ နှစ်ကြာ သွားရောက်လုပ်ကိုင်ခဲ့သူ မုဒုံမြို့မှ ဦးချိန်ခွင်က “မြန်မာပြည်မှာ ဘာဖြစ်လို့မလုပ်တာလဲဆိုတော့ ဒီမှာလုပ်တာ ဝင်ငွေရနည်းတယ်။ ဟိုမှာငွေရများတယ်။ ဒီမှာတစ်လကို ၃ သိန်းလောက်ရရင် ဟိုမှာ ၆ သိန်းလောက်ရတယ်။ အနေအထိုင်လည်းအဆင်ပြေတယ်။ အစားအသောက်တွေလည်းပေါတယ်။ ဒီမှာ ၃ ပင်ခြစ်ရင် ဟိုမှာ ၁ ပင်လောက်ပဲခြစ်ရတယ်။ အောက်နယ်ဘက်တွေဆိုရင် တစ်ရွာလုံးသွားကြတာတွေလည်းရှိတယ်။ တစ်အိမ်ဆိုရင် ၃-၄ ယောက်လောက်သွားကြတယ်။ ဒီမှာအစေးထွက်နည်းပြီး ငွေရတာနည်းတော့ သိပ်မကိုက်ဘူး” ဟု ပြောသည်။

    လက်ရှိရာဘာပေါက်ဈေးသည် တစ်နေလှန်းအလေးချိန်တစ်ပေါင်ကို ၇၃၀ ကျပ်သာရှိပြီး ၁၀၀၀ ကျပ်ရမှသာ တွက်ခြေကိုက်မည့်ဈေးရရှိအောင် တောင်သူများတောင်းဆိုခဲ့ကြသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သော်လည်း ထူးခြားမှုမရှိခဲ့ပေ။

    မွန်ုပြည်နယ် ရာဘာချေးငွေစိစစ်ရေးကော်မတီအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က “ကမ္ဘာ့ဈေးကွက်မှာ ရာဘာဈေးနှုန်းက အကျဘက်ရောက်နေပါတယ်။ တောင်သူတွေ တင်ပြလာတာတွေကလည်း အဓိက ဈေးနည်းတာတွေပေါ့။ တခြားလုပ်သားအခက်ခဲတွေ တင်ပြတာတွေလည်းရှိတယ်၊ တွက်ခြေသိပ်မကိုက်လို့ တင်ပြလာကြတယ်” ဟု ဆိုသည်။

    မြန်မာတစ်နိုင်ငံလုံး၏ ရာဘာပို့ကုန် ၆၂ ဒဿမ ၂၆ ရာခိုင်နှုန်းထောက်ပံ့ပေးနေသော မွန်ပြည်နယ်တွင် ရာဘာစိုက်ဧက ၅ သိန်းကျော်အနက် တစ်သိန်းခွဲဝန်းကျင်သည် အစေးမလှီးနိုင်သဖြင့် ယခင်ကတစ်နှစ်လျှင် တန်ချိန်တစ်သိန်းထုတ်လုပ်နိုင်သော်လည်း ယခုအခါ တန်ချိန်ခြောက်သောင်းအောက်သာ ထုတ်လုပ်နိုင်တော့ကြောင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။


    ဓာတ်ပုံ- မုဒုံမြို့နယ်မှ ရာဘာခြံအစေးလှီးနေသူတစ်ဦး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks