spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ကျိုက်ခမီကားလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ လူလေးဦးသေဆုံး

    သံဖြူဇရပ်-ကျိုက်ခမီကားလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ လူလေးဦးသေဆုံး

    -

    မင်းချမ်းညီ (သံဖြူဇရပ်၊ မတ် ၆)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့-ကျိုက်ခမီမော်တော်ကားလမ်း၊ တောင်ဖလုကျေးရွာအနီး၌ ယနေ့ နံနက်စောပိုင်းတွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါလာသူ လေးဦးလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

    ဆိုင်ကယ်ယာဉ်မောင်းနှင့် လိုက်ပါလာသူများသည် စက်ရုံတွင် အလုပ်ဆင်းရန် ထွက်ခွာလာရာမှ ဆိုင်ကယ်တစ်စီးက လားရာတူ မော်တော်ကားတစ်စီးကို ကျော်တက်ရာမှ တဖက်လမ်းမှ ဆိုင်ကယ်နှင့် အရှိန်ပြင်းစွာ မျက်နှာချင်းဆိုင်တိုက်မိခြင်း ဖြစ်သည်။

    အဆိုပါ ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် သံဖြူဇရပ်မြို့မ နာရေးကူညီမှုအသင်းမှ ဦးကျော်ဝင်းက “ကားတစ်စီးကို ကျော်တက်ရာကနေ မျက်နှာချင်းဆိုင်တိုက်မိကြတာပါ။ဆိုင်ကယ်နှစ်စီးလုံးက အရှိန်ပြင်းတဲ့အတွက် ဆိုင်ကယ်တစ်စီးမှာ နှစ်ယောက်ပါလာတယ်။ နှစ်စီးဆိုတော့ လေးယောက်လုံး နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသမီးတစ်ဦးပဲ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ ကျန်တဲ့သူတွေတော့ ဆောင်းထားတာမတွေ့ရဘူး။ ဆိုင်ကယ်တွေလည်း တော်တော်လေးကြေမွသွားတယ်။ တော်တော်လေးလည်းအရှိန်ပြင်းတယ်”ဟု ပြောသည်။

    သေဆုံးသူများမှာ အသက် ၂၀ နှင့် ၃၀ ဝန်းကျင်ကြား စက်စဲကျေးရွာ၊ ဓမင်းဆိပ်နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ကျုံကဒတ်ကျေးရွာမှ အမျိုးသား နှစ်ဦးတို့ဖြစ်ပြီး သစ်လွှာစက်ရုံအလုပ်သမားများဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းကလည်း သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတွင် သားအဖ သုံးဦးမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးက အမှောင်ထဲမှာ ရပ်ထားသည့် သစ်လုံးတင်ကားကို တိုက်မိပြီး နှစ်ဦးသေဆုံးခဲ့ရသည်။

    မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူး (ဦးစီး) ရဲမှူး မြင့်ဝင်းက “ယာဉ်တိုက်မှုတွေဖြစ်တာ အများစုကတော့ ခရိုင်ချင်းဆက်လမ်းတွေ၊ ဘုရားဖူးတွေသွားများတဲ့ နေရာတွေမှာဖြစ်များတယ်။ ဆိုင်ကယ်နဲ့ယာဉ်တိုက်မှုတွေမှာလည်း ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ သေဆုံးရတာတွေများတယ်။ ဖုန်းတွေကိုတောင်မှ ကွဲမှာစိုးလို့ ကာဗာတပ်ကြတယ်။ လူမှာလည်း ခေါင်းကွဲသွားရင် အစားပြန်မရတဲ့အတွက် ဦးထုပ်ဆောင်းဖို့လိုတယ်” ဟု ဆိုသည်။

    ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၃၀၀ မှ ၄၀၀ ကြား နှစ်စဉ်သေဆုံးနေရသလို ကိုယ်လက်အဂါ ၤမစုံလင်သူ များပြားလာသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး ရက် ၁၀၀ လင်းယုန်စီမံချက်ကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်အကောင်အထည်ဖော်ဆောင် လျက်ရှိသည်။

    မွန်ပြည်နယ်တွင်၂၀၁၈ ခုနှစ်က ယာဉ်တိုက်မှု ၈၇၅ မှုဖြစ်ပွားခဲ့ရာတွင် ၃၄၆ ဦးသေဆုံး၊ ၁၄၆၈ ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ်မှာ ယာဉ်တိုက်မှု ၅၀ မှုအထိ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


    ဓာတ်ပုံ -ကြေမွသွားသောဆိုင်ကယ်နှစ်စီးနှင့် လူသေဆုံးနေပုံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks