spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တက္ကသိုလ်ဝင်တန်းဖြေဆိုသူပိုများလာ၊ မွန်အမျိုးသားကျောင်းမှ ၁၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်

    မွန်ပြည်နယ်တက္ကသိုလ်ဝင်တန်းဖြေဆိုသူပိုများလာ၊ မွန်အမျိုးသားကျောင်းမှ ၁၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်

    -

    မင်းချမ်းညီ (မော်လမြိုင်၊မတ် ၅)

    လာမည့်မတ်လ ၆ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ မွန်ပြည်နယ်မှ ကျောင်းသူကျောင်းသား ၃၀,၅၆၄ ဦးရှိသဖြင့် ယမန်နှစ်များထက် ဖြေဆိုသူဦးရေပိုများလာပြီး မွန်အမျိုးသားကျောင်းမှ ၁၀၀ ဦးကျော်ဝင်ရောက်ဖြေဆိုမည်ဟုလည်း သိရသည်။

    ယမန်နှစ်က တက္ကသိုလ်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ၂၇,၀၀၀ ကျော်အတွက် မွန်ပြည်နယ်တွင် စာစစ်ဌာန ၅၆ ခုသာ ထားရှိခဲ့သော်လည်း ယခုနှစ်တွင် စာစစ်ဌာန ၆၂ ခု အထိ တိုးမြှင့်ထားကြောင်း မွန်ပြည်နယ်ပညာရေးမှူး ဒေါ်ချိုချိုမြအောင်က ဆိုသည်။

    ဒေါ်ချိုချိုမြအောင်က “ကလေးတွေရဲ့ စာမေးပွဲဖြေနိုင်ဖို့နဲ့ အောင်ချက်ကောင်းဖို့က နှစ်စဉ်နှစ်တိုင်း ပြင်ဆင်ဆောင်ရွက်နေဆဲပဲ။ ဒီအပေါ်မှာပဲ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ ပညာရေးဌာနကရော ပြောင်းလဲသွားတဲ့ပညာရေးစနစ်နဲ့ မေးခွန်း အပြောင်းအလဲတွေ၊ သင်ကြားသင်ယူမှု အပြောင်းအလဲတွေကို အတတ်နိုင်ဆုံးတော့ ပြင်ဆင်ခဲ့ကြတယ်၊ အကောင်းဆုံးဖြစ်လာဖို့တော့
    မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

    အလားတူ မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အခက်ခဲမရှိသော်လည်း ပညာရေးစနစ်အပြောင်းအလဲတချို့ကြောင့် သင်ကြားရေးပိုင်းတွင် အခက်အခဲအချို့ရှိခဲ့ကြောင်း မွန်အမျိုးသားကျောင်းတာဝန်ခံ ဆရာမင်းအောင်ဇေက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီနှစ်က MNEC မွန်အမျိုးသားကျောင်း ၃ ကျောင်းက ၁၁၄ ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေကြမယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်က ဝင်္ကပါကျောင်းက အယောက် ၃၀၊ ရေးချောင်းဖျားဒေသ ညီစားက အယောက် ၃၀ နဲ့ အံဒင်ကျောင်းက ၅၄ ယောက် ဖြေဖို့ရှိတယ်။ တောကျောင်းတွေကတော့ သိတဲ့အတိုင်းပဲ သင်ကြားရေးမှာတော့ နည်းနည်းအခက်ခဲရှိတယ်။ စာမေးပွဲဖြေဖို့ကတော့ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရဲ့ ထောက်ခံချက်နဲ့ဖြေလို့ရတဲ့အတွက် အခက်ခဲမရှိဘူး” ဟု ၎င်းကဆိုသည်။

    မွန်ပြည်နယ်သည် ယခင်က တစ်နိုင်ငံလုံးအဆင့်သတ်မှတ်ချက်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် ပထမဆက်တိုက်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် အောင်ချက်ဒုတိယသာရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ အောင်ချက်တတိယအဆင့်ထိ ထိုးကျခဲ့သည်။

    မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၈ သိန်း ၉ သောင်းကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ စာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးက အောင်ချက်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးက အောင်ချက် ဒုတိယနှင့် မွန်ပြည်နယ်က အောင်ချက်တတိယဖြစ်၍ တစ်နိုင်ငံလုံးအောင်ချက် ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။


    ဓာတ်ပုံ – မွန်ပြည်နယ်ပညာရေးမှူးရုံး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks