Wednesday, March 18, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးတောင်ပေါ်အမှိုက်ပြဿနာ သုတေသနလုပ်သင့်ဟုဆို

    ကျိုက်ထီးရိုးတောင်ပေါ်အမှိုက်ပြဿနာ သုတေသနလုပ်သင့်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ(မတ် ၆)

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ပြဿနာဖြေရှင်းနိုင်ရန် သုတေသနများ လုပ်သင့်ကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ယမန်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ ဒီအမှိုက်ကိစ္စကို ဆာဗေးတွေ သေသေချာချာလုပ်ဖို့ လိုအပ်တယ်၊ ရေရှည်မှာ ဘယ်လိုနည်းနဲ့ သိမ်းဆည်းရမလဲဆိုတာ ပညာရှင်တွေ စုစည်းပြီးတော့ ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ရှာကြံရပါမယ်။ အခုဟာက ယာယီအဆင်ပြေတဲ့နည်းလမ်းတွေနဲ့ပဲ လုပ်ထားတာပါ” ဟု ဆိုသည်။

    ကျိုက်ထီးရိုး တောင်ပေါ်ရှိ တည်းခိုခန်း၊ ဆိုင်ခန်း ၂ဝဝဝ ကျော်နှင့် အိမ်ခြေ ၅ဝဝ ကျော်ခန့်တွင် နေ့စဉ်အမှိုက် ၅ တန်ခန့် ထွက်ရှိနေသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

    ကျိုက်ထီးရိုး ဈေးသည် မဇင်မာဆန်းက “အမှိုက်ပစ်ရမယ့်နေရာ သတ်မှတ်ပေးထားလည်းမရှိပါဘူး၊ အမှိုက်တွေကို အထုပ်ထုပ်ပြီး နီးစပ်ရာ ချောက်ထဲစွန့်ပစ်ကြတယ်၊ လွတ်တဲ့နေရာကို ပစ်ကြတာပေါ့” ဟု ဆိုသည်။

    တစ်နေ့လျင် အမှိုက် ၁၅ တန်ခန့် ဖျက်စီးနိုင်သည့်စက်ကို ယခုလတွင်စတင်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းက ဆိုသည်။

    ၎င်းက “စက်ရုံဖွင့်ပြီးရင် တစ်နေ့စာ တစ်နေ့စာထွက်တဲ့အမှိုက်တွေကို ရှင်းမယ်၊ အခုကျတော့ ဘုရားဖူးများတဲ့အချိန်၊ ဘုရားဖူးနည်းတဲ့အချိန်ကျရင် အမှိုက်တွေလိုက်ဆယ်ပြီးတော့ ရှင်းမယ်ဆိုပြီး စီမံချက်တော့ ဆွဲထားတယ်၊ စက်လည်ပတ်တဲ့အထိ စောင့်ရဦးမယ်” ဟု ပြောသည်။

    လက်ရှိတွင် ဆိုင်ခန်းနှင့် အိမ်များမှထွက်ရှိသောအမှိုက်များကို စနစ်တကျ သိမ်းဆည်းခြင်းမရှိသလို ပြီးခဲ့သည့် မိုးရာသီအတွင်း ပလတ်စတစ်အမှိုက်များကြောင့် နေရာ ၅ ခုတွင် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

    ဘုရားဖူးရာသီအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ ရုံးပိတ်ရက်များ၌ ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် သိန်းနှင့်ချီပြီးလာရောက်သည့်အတွက် အဆိုပါအမှိုက်ပြဿနာသည် ကျိုက်ထီးရိုးစေတီ၏ ပုံရိပ်ကို များစွာထိခိုက်စေကြောင်း ဝေဖန်မှုများရှိနေသည်။



    Photo-ကျိုက်ထီးရိုးတောင်ပေါ်အမှိုက်(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks