Homeသတင်းမွန်အမျိုးသားနေ့ကို ထိုင်းနိုင်ငံ ဒေသများတွင် ဆက်လက်ကျင်းပ

မွန်အမျိုးသားနေ့ကို ထိုင်းနိုင်ငံ ဒေသများတွင် ဆက်လက်ကျင်းပ

-

မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ-၁၈)

မွန်မြန်မာပြက္ခဒိန်အရ နှစ်စဉ်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို ထိုင်းနိုင်ငံ ၃ နေရာအတွင်း ကြိုတင်ကျင်းပခဲ့ပြီးနောက် ၂ နေရာ၌ ဆက်လက်ကျင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နှစ်စဉ်လှည့်လည်ကျင်းပသည့် ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က အယုဒ္ဓယခရိုင် Phra Nakhon Si Ayutthaya ဘန်းပအင်းမြို့နယ်၊ တန်ပွန်ခနောင်လွန်၊ ဝါတ်ထောင်ပို မွန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ ဒေသ ၂၅ ခုမှ လူဦးရေတစ်ထောင်နီးပါးခန့် တက်ရောက်ကြောင်း တွေ့ရှိရသည်။

ထိုင်းနိုင်ငံ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဌ နိုင်အလောင်ကွန်မွန် Nai Alongkorn Mon က “ဒီပွဲကို ၁၆ ရက်နေ့ တစ်ရက်ထဲမှာ အကျဉ်းချုံးပြီး လုပ်ပါတယ်၊ အရင်တုန်းကဆိုရင် ၂ ရက်နဲ့လုပ်ခဲ့တာပါ၊ ကျနော်တို့ ထိုင်းမွန်တွေအနေနဲ့ တစ်ရက်ထဲအကျဉ်းချုပ်ပြီး ကျင်းပနိုင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားကျင်းပသည့်နေ့ စနေနေ့ နံနက်စောစောပိုင်းတွင် သံဃာတော်များအား ဆွမ်းကျွေးခြင်း၊ တက်ရောက်လာသော လူထုပရိတ်သတ်အားလုံးကို ထမင်းနှင့် ဟင်းလျာအမျိုးမျိုး၊ သစ်သီးမျိုးစုံ၊ မွန်ရိုးရာမုန့်ပဲသွားရည်စာများကို စတုဒီသာဖြင့် တစ်နေ့လုံးဧည့်ခံကျွေးမွေးခြင်း၊ မွန်းလွဲပိုင်းတွင် မွန်ရေးရာအကြောင်း ဆွေးနွေးပြောကြားခြင်း၊ လူငယ်များ၏ အကပဒေသာများဖြင့် ဖြေဖျော်ခြင်း၊ ညနေပိုင်းတွင် စီတန်းလှည့်လည်၍ ဗဟိုစင်မြင့်တွင် မွန်အမျိုးသားအလံအလေးပြုခြင်းနှင့် မွန်စာပေ ရိုးရာဓလေ့ထိန်းသိမ်းရေး ဟောပြောခြင်း အစီအစဉ်များ ပြုလုပ်ခဲ့သည်။

နောင်နှစ်တွင် ကျရောက်မည့် ထိုင်းနိုင်ငံ ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုကို စမုဆွမ်ခရမ် Samut Sonhkhram ခရိုင် မဲဂေါင်မြို့ Mae Klong ၌ ကျင်းပရန် အမျိုးသားအလံအား ဗဟိုစင်မြင့်ပေါ်တွင် လွှဲအပ်ပေးပြီး အဆိုပါ အခမ်းအနားပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိနေသော မွန်ဂီတအရေးလှုပ်ရှားသူ ဇာတိနိုင်က “မနေ့က တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ ဘန်ကောက်မြို့က သုဓမ္မဝတီ ဘန်းကဍ႘း ( Bang Kadi) နဲ့ မြစ် ၇ သွယ်ကျောင်း (ဘာကြုင် ၇) မှာလည်း ကျင်းပတယ်၊ မနက်ဖန်နဲ့ သဘက်ခါမှာ မဟာချိုင် ဝါတ်သီရိမှာ တီးဝိုင်းတွေ ဟောပြောပွဲတွေနဲ့ လူအစည်ကားဆုံးနေရာဖြစ်ပါလိမ့်မယ်၊ ၂၄ ရက်နေ့မှာတော့ နွန်ထပူရီမှာ ဆက်ပြီးကျင်းပဖို့ရှိတယ်” ဟု ဆိုသည်။

အထူးသဖြင့် မွန်ပြည်နယ်သားအလုပ်သမားအများအပြား နေထိုင်သည့် ဘန်ကောက်မြို့အနီးတဝိုက်နှင့် မဟာချိုင် Samut Sakhon၊ နွန်ထပူရီ Nonthaburi ဒေသများတွင် ပြည်တွင်းမှ ထင်ရှားသောမွန်အဆိုတော်များ၊ ဇာတ်ပွဲများနှင့် ဟောပြောမှုအစီအစဉ်များပါဝင်သည်ဟု သူက ဆက်ပြောသည်။

အလားတူ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ပဲခူးမြို့ ရွှေမော်ဓောဘုရားရင်ပြင်တွင် မနက်ဖန်မှစတင်၍ ၃ ရက် ၃ ညစည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သလို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင်လည်းကောင်း၊ မော်လမြိုင်၊ မုဒုံနှင့် ကော့သောင်းမြို့များတွင်လည်း အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Photo- ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့ဗဟို အခမ်းအနား(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts