spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းလွိုင်ကော် သပိတ်စခန်း ဖြိုခွင်းမှုအပေါ် KNPP က သမ္မတနှင့် NLD ဥက္ကဌထံ အိတ်ဖွင့်စာပို့

    လွိုင်ကော် သပိတ်စခန်း ဖြိုခွင်းမှုအပေါ် KNPP က သမ္မတနှင့် NLD ဥက္ကဌထံ အိတ်ဖွင့်စာပို့

    -

    ဇော်ထိုက်(မော်လမြိုင်၊ ဖေဖော်ဝါရီ ၈)

    ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် ကရင်နီလူငယ် သပိတ်စခန်းကို အာဏာပိုင်များက ဖြိုခွင်းခဲ့မှုအပေါ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ ယနေ့ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

    ထိုအိတ်ဖွင့် ပေးစာတွင် ဗိုလ်ချုပ်ရုပ်တု ပဋိပက္ခများကြောင့် ကယားပြည်နယ်၌ အစိုးရနှင့် လူငယ်များအကြား၊ ပြည်သူလူထုများအကြား စိတ်ဝမ်းကွဲစေသည့်အပြင် အမြင်မတူမှုများ ဖြစ်ပေါ်နေပြီး ကန့်ကွက်သည့် လူငယ်များအား ပြည်နယ်အစိုးရမှ တရားစွဲဆိုခြင်းများ အကြိမ်ကြိမ် ဖြစ်ပေါ်နေသည်ကို ဖော်ပြထားသည်။

    ယင်းအပြင် ကန့်ကွက်သူများနှင့် ထောက်ခံသူများအကြား အပြန်အလှန် တရားစွဲဆိုမှုများ ၊ လူငယ်များ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် သပိတ်စခန်းဖြိုခွဲမှုများသည် ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေးဖြစ်ပေါ်စေရေးတို့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု ဆိုသည်။

    KNPP ပါတီသည် လူငယ်များ ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့်ကိစ္စကို ငြိမ်းချမ်းရေး ကော်မရှင် အပါအဝင် ပြည်နယ် အစိုးရ ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်း အဖြေရှာရန် စေ့စပ်ဆောင်ရွက်ပေးခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်သည် အပြုသဘောဆောင် တုန့်ပြန်အဖြေရှာခြင်း မပြုခဲ့သည့်အပြင် တပ်မတော်ကို လိုအပ်လျှင် လိုအပ်သလိုညွှန်ကြားသွားမည်ဟု ခြိမ်းခြောက်ပြောဆိုလာကြောင်း ဖော်ပြသည်။

    သို့ရာတွင် ကယားပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းနှင့် တည်ငြိမ်အေးချမ်းမှုတို့အား မဆောက်တည်နိုင်ခြင်းသည် KNPP ပါတီမှ လက်ရှိ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဖြစ်စဉ်အပေါ် အဟန့်အတား ဖြစ်ပေါ်စေခြင်းကြောင့် ပြည်ထောင်စု အစိုးရသော်လည်းကောင်း၊ ဒီချုပ်ပါတီသော်လည်းကောင်း အမြန်ဆုံး အရေးယူဆောင်ရွက်ဖြေရှင်ပေးရန် တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

    ထို့ပြင် လွိုင်ကော်မြို့ ဗိုလ်ချုပ်ရုပ်တုကို နေရာပြောင်းရွှေ့ပေးရန်အတွက် ကယားပြည်နယ် ဒီချုပ်ပါတီရုံးအရှေ့၌ ကရင်နီလူငယ်များ သပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆိုစဉ် ယမန်နေ့က အာဏာပိုင်များရဲအင်အားသုံး ဖြိုခွင်းကာ ဆန္ဒပြသူ ၃၆ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ၊ ၂၀ တို့ဖြင့်လည်း အမှုဖွင့် အရေးယူထားသည်။

    “အခုလို လုပ်တာက ကျွန်တော်တို့ကို ဖိနှိပ်တာလို့ပဲ ပြောချင်တယ်၊ ဒီလိုလုပ်တာက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေ ယုံကြည်ချက်တွေ တောင်းဆိုချက်တွေ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ပြည်နယ်ရဲ့ သမိုင်းကို ဖျက်ဆီးနိုင်မှာလည်း မဟုတ်ဘူး”ဟု သပိတ်စခန်းမှ ပြောရေးဆိုခွင့်ရှိသူ ကရင်နီလူငယ် ကိုဒီးဒီက ဆိုသည်။

    သပိတ်စခန်း ဖြိုခွင်းခံရမှုနှင့် ပတ်သက်ပြီး ကရင်နီပြည်လူငယ်များ အင်းအားစုသပိတ်ကော်မတီက ၎င်းတို့၏ မူလတောင်းဆိုချက်များ မရမခြင်း ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖေဖော်ဝါရီ ၇ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

    ထို့အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂများအဖွဲ့ချုပ်မှလည်း ယင်းသပိတ်စခန်း ဖြိုခွင်းမှုကို ပြင်းထန်စွာ ရူံ့ချကြောင်းနှင့် NLD အစိုးရသည် ယခင်စစ်အစိုးရ၏ အမွေကို ဆက်လက် ထိန်းသိမ်းနေသည်ဟု သတ်မှတ်ကြောင်း ယနေ့တွင် သဘောထား ထုတ်ပြန်ထားသည်။


    Photo- KNPP အိတ်ဖွင့်ပေးစာ(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks