spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းသမ္မတထံတိုင်စာရောက်ပြီးနောက် မော်လမြိုင်ခနောက်စိမ်းစက်ရုံကိစ္စ စတင်စစ်ဆေး

    သမ္မတထံတိုင်စာရောက်ပြီးနောက် မော်လမြိုင်ခနောက်စိမ်းစက်ရုံကိစ္စ စတင်စစ်ဆေး

    -

    ဇော်ထိုက် (မော်လမြိုင်၊ ဖေဖော်ဝါရီ ၅)

    မွန်ပြည်နယ် မော်လမြိုင်စက်မှုဇုန်တွင် ကျောက်မီးသွေးသုံး လည်ပတ်နေသော ခနောက်စိမ်းသတ္တုသန့်စင် စက်ရုံများမှ အနံ့ဆိုးထွက်ခြင်း ရှိမရှိနှင့် စက်ရုံလည်ပတ်ရာ၌ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းရှိမရှိအပြင် အချက်သုံးချက် ပါဝင်သည့် တိုင်ကြားစာကို စတင် စစ်ဆေးနေပြီ ဖြစ်သည်။

    ယင်းတိုင်ကြားစာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က နိုင်ငံတော် သမ္မတ၏ မွန်ပြည်နယ် ခရီးစဉ်တွင် စက်မှုဇုန်ဒေသခံ ပြည်သူများမှ တိုင်ကြားခဲ့သည်ကို ကော်မတီဖွဲ့၍ စစ်ဆေးရန် သမ္မတရုံးမှညွှန်ကြားလာခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

    “အစိုးရအဖွဲ့ကို ကော်မတီဖွဲ့ပြီး စစ်ဆေးဖို့ ညွှန်ကြားထားတာပါ၊ ဒီကော်မတီက စိစစ်ပြီးရင် အစိုးရအဖွဲ့ မှတဆင့် သမ္မတရုံးကို ပြန်ပို့ပါမယ်”ဟု ၎င်းက ဆိုသည်။

    ကော်မတီကို ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ညိုက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်များအဖြစ် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအပါအဝင် ဌာနခြောက်ခုမှ အရာရှိခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်ကြားသူဒေသခံများကို ယနေ့တွင် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနရုံး၌ ခေါ်ယူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

    စစ်ဆေးခံခဲ့သူ စက်မှုဇုန် ဒေသခံ ကိုဟံသာက “အဓိက ကတော့ ခနောက်စိမ်းစက်ရုံက အနံ့ဆိုး ထွက်မထွက်ကို စစ်တာ ဖြစ်တယ်၊ တိုင်ကြားစာကို အတည်ပြုတာလည်း ပါပါတယ်၊ နောက်ပြီး ဘယ်လောက်အထိ ခံစားနေရလဲဆိုတာကို စစ်ဆေးသွားတယ်”ဟု ဆိုသည်။

    ယင်းကဲ့သို့ ခနောက်စိမ်း စက်ရုံများမှ အနံ့ဆိုး ထွက်ရှိမှုကို ပြည်နယ်အစိုးရမှ စက်ရုံအား ခေါင်းတိုင်မြှင့်ရန်၊ အနံ့ဆိုး ထိန်းချုပ်ရန် ညွှန်ကြားနေသော်လည်း ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း၊ ယင်းအနံ့ဆိုးထွက်ရှိမှုကို အစိုးရမှ ဖြေရှင်းပေးရန် ယမန်နှစ် ဇွန်လက စက်မှုဇုန် ဒေသခံ ၄၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း၊ ယခုတိုင်စာမှာ သမ္မတထံ ဒုတိယအကြိမ် ပေးပို့သော တိုင်စာဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ဝီမွန် အထည်ချုပ် စက်ရုံမှ ဦးမင်းဇော်နိုင်ဦးက“သူတို့က ကျွန်တော်တို့ တိုင်စာကို ကြည့်ပြီး မှတ်ပုံတင်တွေ၊ အလုပ်ရုံတွေကို ဟုတ်လားလို့မေးတယ်၊ ကျွန်တော်တို့ကလည်း ဟုတ်တယ်ပေါ့၊ သူတို့ကတော့ စစ်ဆေးမှုတွေကို သမ္မတကြီးဆီ ပြန်ပို့ ပေးမယ်လို့ ပြောတယ်”ဟု ဆိုသည်။

    အဆိုပါ ခနောက်စိမ်း စက်ရုံများသည် ၎င်းတို့၏ အထည်ချုပ်စက်ရုံနှင့် ပေ ၃၀၀ သာ ကွာသဖြင့် စက်ရုံ လည်ပတ်ပါက လည်ပင်းခြောက်ခြင်း၊ ခေါင်းမူးခြင်း ရောဂါတို့ကို ခံစားနေရသည်ဟု ဦးမင်းဇော်နိုင်ဦးက ဆက်ပြောသည်။

    မော်လမြိုင် စက်မှုဇုန်တွင် ခနောက်စိမ်း စက်ရုံပေါင်း ခြောက်ရုံခန့် ရှိပြီး ယခုအခါ စက်ရုံ ၂ ရုံသာ လည်ပတ်နေသည်။ ယခင်အစိုးရ လက်ထက်ကလည်း အဆိုပါ ခနောက်စိမ်း စက်ရုံများ လည်ပတ်ချိန်၌ အနံ့ဆိုးများ ထွက်ရှိလာမှုကြောင့် ၂၀၁၄ ခုနှစ်တွင် ခေတ္တပိတ်သိမ်းခဲ့ရသည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က အဆိုပါ ကျောက်မီးသွေးသုံး ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံများ ပိတ်ပေးရန် အစီအစဉ်ရှိမရှိကို မေးခွန်းမေးမြန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယခုလည်ပတ်နေသော စက်ရုံနှစ်ရုံအား ပတ်ဝန်းကျင် အရည်အသွေး တိုင်တာရေး စက်များဖြင့် သတ်မှတ် စံချိန်စံနှုန်းများနှင့် ညီမညီ တိုင်းတာစစ်ဆေးခြင်း ကွင်ဆင်းစစ်ဆေးခြင်းတို့ဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ် စံချိန် စံညွှန်းထက် ကျော်လွန်ခြင်းတွေ့ရှိရပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြပြီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လတ်တလောတွင် ပိတ်သိမ်းရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။


    Photo- မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks