spot_img
Monday, January 20, 2025
More
    spot_img
    Homeသတင်းသက်ငယ်မုဒိန်းမှုကို ငွေ ၅ သိန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကျေအေးခဲ့ပါက အရေးယူမည်ဟုဆို

    သက်ငယ်မုဒိန်းမှုကို ငွေ ၅ သိန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကျေအေးခဲ့ပါက အရေးယူမည်ဟုဆို

    -

    မင်းချမ်းညီ (မော်လမြိုင်၊ ဖေ-၅ )

    မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုတစ်ခုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူတချို့က ပြစ်မှုကျူးလွန်သူပေးအပ်သည့် ငွေငါးသိန်းကျပ်ဖြင့် အမှုကျေအေးခဲ့ပါက ရာထူးမှဖယ်ရှားမည့်အပြင် အပြစ်ကြီးငယ်အလိုက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦးက ဆိုသည်။

    မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက “အခုချိန်က စွဲချက်တင်တဲ့ကာလဖြစ်တဲ့အတွက် မှားတယ်၊ မှန်တယ် ပြောလို့မရသေးဘူး။ တရားရုံးကနေ စစ်ဆေးလို့မှ ပြစ်မှုကြောင်းဆိုင်ရာအရ မှန်ကန်ခဲ့တယ်၊ ကျူးလွန်ခဲ့တယ်ဆိုရင် သူ့ကို (အုပ်ချုပ်ရေးမှူး) တရားစီရင်ရေးအရ အရေးယူအပြစ်ပေးခံရမှာဖြစ်သလို ကျွန်တော်တို့ အုပ်ချုပ်ရေးဥပဒေအရ ဆက်လက်ပြီးအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဖြစ်စဉ်မှာ ကမာဝက်မြို့၊ စိန်တောင်ကျေးရွာနေ အသက် ၁၅ နှစ်အရွယ် မရွှေရည် (အမည်လွှဲ) ကို အိမ်နီးနားချင်း မျိုးအောင် (၂၅ နှစ်) က ချစ်ကြိုက်ဟုဆိုကာ သားမယားအဖြစ်ကျူးလွန်ခဲ့ပြီး ကိုယ်ဝန် ၅ လရှိလာချိန်တွင် တာဝန်ယူမယူဟုပြောကြောင်း၊ စိန်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘအေးထံ သွားရောက်တိုင်ကြားခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ငွေကျပ် ၅ သိန်းဖြင့် အမှုမလုပ်ဘဲ ကျေအေးခဲ့ဟုဆိုကြောင်း၊ ယင်းဖြစ်စဉ်ကို မွန်ပြည်နယ်အနာဂတ်အလင်းတန်း လူမှုကွန်ရက်အဖွဲ့ ဥက္ကဌ ဒေါ်သက်ထားလွင်က သိရှိပြီး တရားလိုပြုလုပ်ကာ ကမာဝက်နယ်မြေရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင် အဆိုပါသက်ငယ်မုဒိန်းမှုကျူးလွန်သူကို ချုပ်ရက်ယမန်ဖြင့် ယမန်နေ့က အကျဉ်းထောင်ပို့ထားသော်လည်း မရွှေရည်(အမည်လွှဲ)ဘက်မှ ငြင်းဆိုမှုတချို့ရှိနေကြောင်း ကမာဝက်နယ်မြေရဲစခန်းမှ ရဲအုပ်ညီညီထွေးက ပြောသည်။

    ရဲအုပ်ညီညီထွေးက “ကလေးမလေးကို တနေ့က စစ်တဲ့အခါမှာ သိပ်အဆင်မပြေဘူး။ အရင်တုန်းက ကလေးအဖေက ဒီကောင်လေးပြောပြီး အခုဒီကောင်လေးနဲ့ မဟုတ်ပါဘူးဖြစ်နေတော့ စိတ်ငြိမ်တဲ့အချိန်မှ ပြန်စစ်နေတယ်။ ကောင်မလေးစိတ်ကလည်း သိပ်ပုံမှန်မဖြစ်ဘူးလို့ ထင်ရတယ်။ အဖွားရဲ့ စောင့်ရှောက်မှုနဲ့ ဆိုတော့ တခြားလူတွေနဲ့ ပတ်သက်ခဲ့ဖူးတယ်။ ကောင်လေးနဲ့လည်း ပတ်သက်တော့ ဒီကိုယ်ဝန်က သူနဲ့ရတာမဟုတ်ဘူး၊ တာဝန်မယူနိုင်ဘူးဆိုတဲ့အခါ ဥက္ကဌ(အုပ်ချုပ်ရေးမှူး) ရုံးကို သွားပြီး ငွေကြေးပဲယူလိုက်တဲ့သဘောပါ” ဟု ဆိုသည်။

    တဖက်တွင်လည်း ကာယကံရှင်ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး စစ်ဆေးမေးမြန်းချက်များတွင် ဖြေကြားမှု အပြောင်းအလဲများဖြစ်နေ၍ အမှုအားနည်းနေကြောင်း၊ ငွေကြေးလက်ခံထားသည့် ကာယကံရှင်ဘက်မှ အမှုမဖွင့်လိုသော်လည်း ရဲအရေးပိုင်သည့်အမှုဖြစ်သည့်အတွက် မည်သူမဆိုတရားလိုလုပ်ခွင့်ရှိကြောင်း ရဲအုပ်က ဆက်ပြောသည်။

    မွန်ပြည်နယ် အနာဂတ်အလင်းတန်း လူမှုကွန်ရက်ဥက္ကဌ ဒေါ်သက်ထားလွင်က “ကျမကိုလည်း လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ မွန်လိုရော၊ ဗမာလိုရောပြောတာ။ ငါတို့ဘာသာ အုပ်ချုပ်ရေးမှူးနဲ့ ညှိပြီး ၅ သိန်းနဲ့ ကျေနပ်နေတာကို နင်က ဘာလို့ လာဆွတာလဲ။ ပြီးနေပြီကိစ္စကို နင်နဲ့ဘာဆိုင်လဲ၊ နင်လာဝင်ရှုပ်တာ၊ အမှုက ကျေအေးပြီးပြီ။ ဒီကောင်မ(နစ်နာသူ) ကရူးနေတာ။ အရူးမ။ ဘယ်သူနဲ့ဖြစ်လို့ဖြစ်မှန်းမသိဘူး ဆိုပြီး မျိုးအောင်ရဲ့အဒေါ်တွေ ဆွေမျိုးတွေက ကျမကို ပြောတာ။ ကျမက ဒီကိစ္စကို တရားလိုပြုလုပ်ပြီးအမှုဖွင့်မယ်။ ကြားက ဝင်ရှုပ်တဲ့သူတွေ အကုန်လုံးကို ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲမယ်ဆိုပြီးပြောခဲ့ရတယ်” ဟု ဆိုသည်။

    ထို့ပြင် နစ်နာသူကာယကံရှင်၏အဖွားက အမှုဖွင့်ရန် ယခင်ကလိုလိုလားလားရှိသော်လည်း နောက်ပိုင်းတွင် အပြင်းအထန် ငြင်းဆန်လာခြင်း၊ ပြစ်မှုကျူးလွန်သူ၏ ဆွေမျိုးများမှခြိမ်းခြောက်ပြောဆိုနေခြင်းနှင့် ဘာသာစကား အခက်ခဲများရှိနေခြင်း စသည့်အခက်အခဲများရှိကြောင်း ဒေါ်သက်ထားလွင်က ဆက်ပြောသည်။

    လက်ရှိတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား ကာမရယူပြီး ကိုယ်ဝန်ရသည်အထိ လွန်ကျူးခဲ့ဟုစွပ်စဲခံရသူ မျိုးအောင်ကို (ပ) ၆၁ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကမာဝက်နယ်မြေရဲစခန်းမှ သိရသည်။


    Photo- ကမာဝက်နယ်မြေရဲစခန်း(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts