spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းအစိုးရနှင့်တွေ့ဆုံဆွေးနွေးမည့်ရက် ပြန်လည်ညှိနှိုင်းမည်ဟု RCSS ထုတ်ပြန်

    အစိုးရနှင့်တွေ့ဆုံဆွေးနွေးမည့်ရက် ပြန်လည်ညှိနှိုင်းမည်ဟု RCSS ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (စံခလပူရီ-ဇန် ၃၁)

    ငြိမ်းချမ်းရေးဗဟိုဌာန NRPC, တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့နှင့် ဖေဖော်ဝါရီလ ပထမအပတ်တွင် သီးခြားစီတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း သျှမ်းအမျိုးသားနေ့နှင့် တိုက်ဆိုင်နေသည့်အပြင် အဖွဲ့အစည်းအတွင်း အချိန်ယူချပြဆွေးနွေးရန် လိုအပ်သဖြင့် တွေ့ဆုံဆွေးနွေးမည့်နေ့ရက်ကို ပြန်လည်သတ်မှတ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ယမန်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    RCSS အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်းက “ ဖေဖော်ဝါရီ ၂ ရက်နေ့ NRPC နဲ့တွေ့မယ်၊ ၃ ရက်နေ့ကျရင် တပ်မတော်နဲ့တွေ့မယ် သတင်းတွေမှာလည်း ပြောကြားခဲ့ပြီးပြီ၊ ဒါပေမယ့် အဲဒါပြီးတဲ့နောက်ပိုင်းမှာ ဇန်နဝါရီ ၂၅ ရက်နေ့ တပ်မတော် Statement ထပ်ထွက်လာတယ်၊ ဒီအပေါ် RCSS ထဲမှာ ဆွေးနွေးစရာတွေ ဖြစ်လာတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထုတ်ပြန်သည့် သတိပေးသတင်း ထုတ်ပြန်ချက်တွင် အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်းတို့တွင် RCSS အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းတိုက်ပွဲဖြစ်ပွားမှု၊ နယ်မြေကျော်လွန်လှုပ်ရှားမှု၊ ဆက်ကြေးကောက်ခံမှု၊ လူသစ်စုဆောင်းမှုနှင့် တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို အရေအတွက်နှင်တကွ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

    “တကယ်လို့ဖြစ်ခဲ့တယ်ဆိုရင်လည်း ဆွေးနွေးပွဲဝိုင်းမှာ တင်ပြရမယ့်ကိစ္စဖြစ်တယ် သို့မဟုတ်ရင်လည်း တပ်မတော်နဲ့ RCSS ဆွေးနွေးဖော်ဆွေးနွေးဖက်အချင်းချင်း အကြောင်းကြားရမယ့်ကိစ္စဖြစ်တယ်၊ အဲလိုမျိုးအကြောင်းမကြားဘဲနဲ့ တခါထဲ လူသိရှင်ကြား Statement ထုတ်တာ ဒါသင့်တော်လား မသင့်တော်လား အကြောင်းတရားတွေအဖြစ် ဆွေးနွေးစရာတွေဖြစ်လာတယ်” ဟု RCSS အကြံပေးပုဂ္ဂိုလ်က ဆက်ပြောသည်။

    လက်ရှိတွင် တပ်မတော်ထုတ်ပြန်ချက် ၂ ခုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဧပြီလ ၃၀ နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ လိုက်နာဆောင်ရွက်ရန် Deadline ရက်သတ်မှတ်ထားသည့်အတွက် အဖွဲ့အစည်းအတွင်း ဆွေးနွေးစရာကိစ္စရပ်များ ဖြစ်ပေါ်လာသည်ဟု RCSS အကြံပေးပုဂ္ဂိုလ်က ထောက်ပြသည်။

    သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် သတ်မှတ်နယ်မြေများသို့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန်အပါအဝင် တပ်မတော်၏ သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းသည် စစ်ရေးအရ ဦးတည်ဆောင်ရွက်ရန်မဟုတ်ဘဲ အပစ်ရပ် ၄ လကာလအတွင်း ဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန် ရည်ရွယ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြောင်း 7Day Daily သတင်းက ဖော်ပြသည်။

    ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ‘‘ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှာတော့ ကျွန်တော်တို့ သတိပေးကြေညာချက်အတိုင်း မလုပ်ဘူးဆိုရင် လုပ်ရမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ရှိပါတယ်။ လုပ်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ဆိုတာ ထပ်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ဖိအားပေး တာရော၊ NRPC ဘက်ကလုပ်ရမယ့် လုပ်ငန်းစဉ်တွေရော၊ ကျွန်တော်တို့ဘက်က လုပ်ရမယ့် လုပ် ငန်းစဉ်တွေကိုရော ဆက်ပြီးတော့ ဆောင်ရွက်သွားပါမယ်။ စစ်ရေးနဲ့ ဆောင်ရွက်မယ်လို့ ပြောတာ တော့ မဟုတ်ပါဘူး’’ဟု ဆိုသည်။

    ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမဖြစ်ဖြစ်အောင်လုပ်မည်ဟု သံဓိဌာန် ချထားပြီးဖြစ်ကြောင်း၊ ညှိနှိုင်းရေးလုပ်ငန်းစဉ်များရှိသကဲ့သို့ သတိပေးထုတ်ပြန်ချက်တွေအတိုင်း မလိုက်နာပါက လုပ်ဆောင်မည့်အဆင့်များရှိကြောင်း၊ အဆိုပါအဆင့်များအတိုင်း တပ်မတော်မှဆောင်ရွက်မည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းဌာနများကို ပြောကြားမှုများရှိခဲ့သည်။

    တဖက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် NCA စာချုပ်တွင် တဖက်အဖွဲ့အစည်းဂုဏ်သိက္ခာညှိုးနွှမ်းစေသည့် အပြောအဆိုအပြုအမူများကို ရှောင်ရှားရမည့်အချက်များ ပါရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားခဲ့သည်။

    အလားတူ ယခုဖေဖော်ဝါရီလအတွင်း ငြိမ်းချမ်းရေးဗဟိုဌာန NRPC, တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့နှင့် တွေ့ဆုံမည်ဟု KNU မှ သတင်းဌာနများသို့ပြောကြားခဲ့သော်လည်း ရက်မသတ်မှတ်နိုင်သေးပေ။


    Photo-RCSS ထုတ်ပြန်ချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks