spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနတ်မြှားပင်များကို အခြောက်လှန်း၍ ပြည်ပသို့တင်ပို့

    နတ်မြှားပင်များကို အခြောက်လှန်း၍ ပြည်ပသို့တင်ပို့

    -

    မင်းသူရိန် (ပေါင်၊ ဇန်-၂၈)

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ တောင်ကြောများတစ်လျှောက်တွင် သဘာဝအလျှောက်ပေါက်နေသော နတ်မြှားပင်များကို တံမြတ်စည်းအဖြစ်အသုံးပြုကြသော်လည်း ယခုအခါ နေပူခံအခြောက်လှန်း၍ ကုန်ကြမ်းအတိုင်း ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း နတ်မြှားပင်ရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။

    ပေါင်မြို့နယ်မှ နတ်မြှားပင် ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဒေါ်ခိုင်ခိုင်လွင်က “လွန်ခဲ့တဲ့ ၇ နှစ်လောက်ကဆိုရင် တနိုင်တပိုင်လေး တံမြတ်စည်းပြုလုပ်ဖို့အတွက်ဘဲ ဝယ်ကြတာပေါ့။ နောက်ပိုင်း ကျတော့ အိမ်ရှေ့မှာ နေလှန်းထားတာကို အဝယ်ဒိုင်ကြီးတွေက တွေ့တော့ ပါကစ္စတန်နိုင်ငံနဲ့ အခြားနိုင်ငံ ၃ နိုင်ငံလောက်ကို ကုန်ကြမ်းအတိုင်း ပို့တယ်လို့တော့ ပြောကြတယ်”ဟု ပြောသည်။

    နတ်မြှားပင် အခြောက်များကို စောင်၊ ကားကူရှင်၊ ဆိုင်ကယ်ကူရှင်နှင့် အခြားပစ္စည်းများ ပြုလုပ်ရန်အတွက် ဝယ်ယူနေကြောင်း ၎င်းကဆိုသည်။

    ဒေါ်ခိုင်ခိုင်လွင်က “နတ်မြှားပင်အစိုကို စပြီး စုဆောင်းဝယ်ယူတာပေါ့။ သူတို့ဘက်ကလည်း အရင်းအနှီးလိုရင်လည်း ကြိုထုတ်ပေးတာမျိုးလည်း ရှိတာပေါ့။ ကိုယ်လုပ်ကိုင်တဲ့ အနေအထားပေါ်မူတည်ပြီး သူတို့က ၁၀ သိန်းအောက်လား ၁၀ သိန်းအထက်လား ထုတ်ပေးတယ်။ နောက်ပိုင်းကျတော့ ဒေသခံတွေက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြပါတယ်”ဟု ဆက်ပြောသည်။

    သို့ရာတွင် ပြည်ပပို့ကုန်ပိတ်ထားသည့်အချိန်များနှင့်ကြုံရပါက အရင်းအနှီးဆုံးရှုံးမှုများရှိနိုင်သော်လည်း ယခုနှစ်တွင် ပြည်ပပို့ကုန် ဖွင့်ထားသည့်အတွက် ဈေးကောင်းရရှိလိမ့်မည်ဟု မျှော်လင့်နေရကြောင်း ၎င်းက ဆိုသည်။

    သဘာဝအလျှောက်ပေါက်သော နတ်မြှားပင်များကို ဇင်းကျိုက်တောင်၊ တောင်ရှေ့တခွင်၊ ကုလားမတောင်တခွင်အတွင်း နှစ်စဉ်ဇန်နဝါရီလမှ မတ်လအထိသာ ခုတ်ယူနိုင်ပြီး အပင်စိမ်းများကို တိုက်ရိုက်ရောင်းချခြင်းနှင့် ကိုယ်တိုင်နေလှမ်းပြုပြင် စည်းနှောင်ပြီးမှ ရောင်းချသူများရှိသည့်အတွက် ဒေသခံများ အဆင်ပြေလျှက်ရှိကြောင်း ပေါင်မြို့နယ်မှ မိသားစုအလိုက်နတ်မြှားပင် ရှာဖွေခုတ်ယူသူ ဦးကောင်းတင့်ဆန်းက ပြောသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော နတ်မြှားပင်များအပြင် ကရင်ပြည်နယ်၊ တောင်ငူ၊ မြိတ်၊ ထားဝယ် အစရှိသည့် ဒေသများမှ ထွက်ရှိသော နတ်မြှားပင်များကိုလည်း တင်ပို့ရောင်းချလျှက်ရှိပြီး ယခုနှစ်ပေါက်ဈေးအရ နတ်မြှားပင်အစို တစ်ပင်လျှင် သုံးကျပ်၊ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချပါက တစ်ပင်လျှင် ငါးကျပ် ဝန်းကျင်ခန့်ရှိကြောင်း၊ ဈေးကောင်းသည့်ကာလ၌ တစ်နှစ်အတွင်း အရင်းအနှီးငွေကျပ်သိန်း ၁၀၀ ရင်းနှီးပါက ကျပ်သိန်း ၄၀ ဝန်းကျင်ခန့် အမြတ်အစွန်းများ ရရှိနိုင်ကြောင်း နတ်မြှားပင်ရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။


    Photo- နတ်မြှားပင်များကိုအခြောက်လှမ်းနေပုံ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks