spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းNCA တွင် တစ်ဖက်အဖွဲ့အစည်းဂုဏ်သိက္ခာညှိုးနွှမ်းစေသည့် အပြောအဆိုများ နှစ်ဖက်လုံးရှောင်ရှားရမည့် အချက်ပါရှိဟု KNU ထောက်ပြ

    NCA တွင် တစ်ဖက်အဖွဲ့အစည်းဂုဏ်သိက္ခာညှိုးနွှမ်းစေသည့် အပြောအဆိုများ နှစ်ဖက်လုံးရှောင်ရှားရမည့် အချက်ပါရှိဟု KNU ထောက်ပြ

    -

    မွန်သတင်းအေဂျင်စီ(ဇန်-၂၇)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ၌ တစ်ဖက်အဖွဲ့အစည်းဂုဏ်သိက္ခာ ညှိုးနွှမ်းစေသည့် အပြောအဆိုအပြုအမူများ နှစ်ဖက်လုံးရှောင်ရှားရမည့်အချက်ပါရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက တပ်မတော်သတိပေးထုတ် ပြန်ချက်အပေါ် ဇန်နဝါရီ ၂၆ ရက်တွင် ထောက်ပြလိုက်သည်။

    NCA လက်မှတ်ရေးထိုးပြီးနှင့် ရေးထိုးနိုင်ရေးဆွေးနွေးလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် တပ်မတော်စစ်ကြောင်းများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ရန်လိုတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအားနှိပ်စက်ခြင်း၊ သတ်မှတ်နယ်မြေကျော်လွန် လှုပ်ရှားခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းတို့အား ပြုလုပ်လျက်ရှိကြောင်း ဇန်နဝါရီ ၂၅ ရက်နေ့က တပ်မတော်သတိပေးထုတ်ပြန်ချက်အပေါ် KNU ဌာနချုပ် Facebook စာမျက်နှာမှတစ်ဆင့် KNU အထွေထွေအတွင်းရေးမှူးက ပြန်လည်ထောက်ပြခြင်း ဖြစ်သည်။

    ပဒိုစောတာဒိုမူးက “ NCA မှာ တစ်ဖက်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုညှိုးနွှမ်းစေတဲ့ အပြောအဆိုအပြုအမူတွေကို နှစ်ဖက်လုံးကရှောင်ရှားရမယ်ဆိုတဲ့ အပိုင်းလည်းရှိပါတယ်၊ အဲဒါကြောင့် ကျနော်တို့ကတော့ KNU အနေနဲ့ NCA အပေါ် မားမားမတ်မတ်နဲ့ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ NCA အကောင်ထည်ဖော်ဖို့ ကျနော်တို့ကြိုးစားနေတယ်၊ ဒါပေမယ့် ဒီ NCA ဟာ နှစ်ဖက်လုံးက လက်ခံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်လာအောင်လုပ်မယ့် Dialogue Concept တစ်ခုကပျောက်နေတယ်၊ အဲဒါကိုရဖို့အတွက် ကျနော်တို့ ဆက်လက်ပြီးတော့ အစိုးရနဲ့ တပ်မတော်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို ကျနော်တို့ဆက်လက်ပြီး တောင်းဆိုသွားရမယ်” ဟု ဆိုသည်။

    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်၏ သတိပေးထုတ်ပြန်ချက်၌ KNU အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ လှိုင်းဘွဲ့နယ်မြေအတွင်း ဆက်ကြေး ကောက်ခံမှု ၁ ကြိမ်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ မြိတ်ဒေသအတွင်း ဆက်ကြေး ကောက်ခံမှု ၁ ကြိမ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ ဗျက္ကောပု၊ ယွန်းစလင်းလမ်း၊ ဘော်စဲခို၊ လွယ်မူပလော လမ်းတွင် တပ်မတော်အား ချောင်းမြောင်းပစ်ခတ်မှု ၉ ကြိမ်၊ ကားမိုင်းဖြစ်စဉ် ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

    “အခွန်ကောက်တဲ့ကိစ္စမျိုးတွေဟာ ကျနော်တို့ဘဏ္ဍာရေးဌာနရဲ့စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေ၊ ပေါ်လစီမူဝါတွေမှာ အခြေခံပြီး ကျနော်တို့ကောက်တာဖြစ်ပါတယ်၊ ဆိုတော့ ဒီလိုကောက်တဲ့အတွက်ကြောင့်လည်း ကျနော်တို့ရပ်တည်မှုနဲ့ပတ်သက်ပြီး NCA ပုဒ်မ ၂၅(က) မှာလည်း အတိအလင်းပြောပြထားတာဖြစ်တယ်၊ ကျနော်တို့ KNU အဖွဲ့အစည်း တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ကိုယ်သက်ဆိုင်ရာနယ်မြေဒေသတွေမှာ ပြည်သူလူထုအတွက်လိုအပ်တဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာ သက်ဆိုင်ရာနေရာထောင့်ကနေ ပါဝင်နေကြတဲ့ပုံစံမျိုး အသိအမှတ်ပြုထားသလို ရှေ့ဆက် ဒီကိစ္စတွေ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတဲ့အပိုင်းကို ကျနော်တို့သဘောတူပြီးတော့ ညှိနှိုင်းဖို့ဆိုတာရှိပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

    သို့ရာတွင် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော KNU အနေဖြင့် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော ၂၀၁၂ ခုနှစ်ကတည်းက တပ်မတော်နှင့် နှစ်ဖက်တပ်နေရာချထားရေးကိစ္စ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

    အလားတူ ‘‘NCA အပေါ် လက်မှတ်ရေးထိုးကြပြီးသူ အစုအဖွဲ့အားလုံးက အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်ကို ဆွေးနွေးညှိနှိုင်းပြီး ဘုံသဘောတူညီချက်ရယူသင့်ပါတယ်။ ဒါကိုလည်း တိုက်တွန်းပါတယ်။ ပါလာတဲ့အခါမှာ ငြိမ်းချမ်းရေးအပေါ်မှာ တကယ်လေးနက်တယ်ဆိုရင်တော့ ဆုံချက်ကို ရှာရမှာဖြစ်ပါတယ်။ တူညီတဲ့ သဘောတူညီချက်ကို ရှာရမှာဖြစ်ပါတယ်’’ ဟု ယမန်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက NCA စာချုပ် အဓိပ္ပာယ်ဖွင့်ဆိုချက် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောသည်။

    NCCT နှင့် UPWC တို့သည် ၂၀၁၅ ခုနှစ်က NCA မူချောရရှိပြီးချိန်တွင် အချိန်မလုံလောက်မှု၊ အစိုးရအပြောင်းအလဲ၊ မူဘောင်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ကို ဦးစားပေးရခြင်းတို့ကြောင့် “အဓိပ္ပာယ်ဖွင့်ဆိုချက်” အပေါ် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကရင့်အမျိုးသားအစည်းအရုံး KNU က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကြား တရားဝင်ဆွေးနွေးပွဲများ ရပ်တန့်လျက်ရှိသည်။

    Photo- KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး(KNU HQ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks