spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရာဘာခြံအတွင်း ကောက်ယူခဲ့သောဗုံးသီးဟောင်းတစ်လုံး ပစ်ချပေါက်ကွဲသူကို အမှုဖွင့်အရေးယူ

    ရာဘာခြံအတွင်း ကောက်ယူခဲ့သောဗုံးသီးဟောင်းတစ်လုံး ပစ်ချပေါက်ကွဲသူကို အမှုဖွင့်အရေးယူ

    -

    မင်းချမ်းညီ ( သံဖြူဇရပ်၊ ဇန် ၂၇ )

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ ရန်နိုင်အောင် (အသက် ၁၉ နှစ်) သည် ရာဘာခြံအတွင်း မော်တာဗုံးသီးဟောင်းတစ်လုံးတွေ့ရှိသည်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများနှင့် နယ်မြေရဲစခန်းများကို အကြောင်းကြားခြင်းမရှိဘဲ ကောက်ယူပစ်ချခဲ့ရာမှ ပေါက်ကွဲခဲ့သဖြင့် အမှုဖွင့်အရေးယူခံထားကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းမှသိရသည်။

    ဖြစ်စဉ်မှာ ရန်နိုင်အောင်သည် ဖခင်နှင့်အတူ အတွင်းစခန်းကြီးကျေးရွာရှိ ဒေါ်ရီ၏ ရာဘာခြံ၌ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၁၀၃၀ နာရီခန့်တွင် ရာဘာအစေးများလိုက်လံသိမ်းဆည်းစဉ် မြေကြီးမှာ စိုက်ဝင်နေသည့် အရှည် ၁ ပေခန့်ရှိ မော်တာဗုံးသီးဟောင်းတစ်လုံးကိုတွေ့၍ တဲအရှေ့သို့ ယူဆောင်လာပြီး ပစ်ချခဲ့ရာ ပေါက်ကွဲခဲ့သဖြင့် ရန်နိုင်အောင်၏ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) ၊ ဝဲလက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ နှင့် ဝဲ/ယာ ခြေမျက်စိအထက် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

    သံဖြူဇရပ်မြို့မ စခန်းမှူး ဒုရဲမှူး ဇော်မင်းဦးက “သူ့ကို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပေါ့လျော့စွာ ပြုလုပ်တဲ့အတွက် အမှုဖွင့်ထားပါတယ်။ ဒါမျိုးတွေဖြစ်လို့ရှိရင် ကျွန်တော်တို့က တာဝန်ရှိတဲ့သူတွေကိုလည်း ဖုန်းနံပါတ်တွေဖြန့်ဝေထားတယ်။ အကြောင်းကြားရင် သူတို့က ဘာမှလုပ်စရာမလိုပါဘူး။ ကျွန်တော်တို့ သက်ဆိုင်ရာမိုင်းဖော်မယ့်သူတို့၊ တာဝန်ရှိတဲ့သူတွေကို ခေါ်လာခဲ့ပေးမယ်။ အန္တရာယ်ကင်းအောင်လို့ပါ။ တချို့ကျတော့လည်း နားလည်ချင်မှနားလည်မှာ။ ရာဇသတ်ကြီးကို နားမလည်ရင် ဗုံးလည်းဆွဲနုတ်လိုက်လို့ ကွဲလည်းကွဲသွားသေးတယ်။ ဘာကြောင့်အရေးယူခံရလဲ၊ ဒီလိုဖြစ်မှာစိုးလို့ပါ။ ဒဏ်ရာလည်းရသေးတယ်၊အရေးလည်း ယူခံရသေးတယ်ဖြစ်မှာစိုးလို့ ဒီလိုနေရာတွေကိုပညာပေးထပ်ပြောဦးမယ်” ဟု ပြောသည်။

    ယင်းသို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများတွေ့ရှိပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်မသိရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ဝဲကလိကျေးရွာတွင် တပ်မတော်လေ့ကျင့်ရေးကျောင်းရှိသော်လည်း ပေါက်ကွဲမှု ဖြစ်သည့်နေရာနှင့် ဝေးကွာနေသည့်အတွက် မည်သည့်အချိန်က မည်သူ့ပစ္စည်းဖြစ်ကြောင်း အတည်ပြုမပြောနိုင်သေးကြောင်း စခန်းမှူးက ဆက်ပြောသည်။

    မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးမင်းအောင်ထူးက “ဒါတွေက ဘယ်ကလာသလဲ။ (မွန်ပြည်နယ်မှာ)တိုင်းရင်းသားလက်နက်ကိုင်တွေရှိမယ်။ တပ်မတော်ရှိမယ် ဘယ်သူတွေလဲလို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေရဲ့ တာဝန်ယူမှုမရှိတာတွေက နောက်ဆုံးတော့ ပြည်သူတွေပဲခံစားရတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့လိုတယ်။ ပြည်သူတွေအမြဲတမ်းထိခိုက်နေတာမျိုးတော့မဖြစ်သင့်ဘူး။ ပြည်သူက မသိဘူးလေ။ သူအကြောင်းကြားဖို့လုပ်တဲ့အချိန်မှာ အဲ့လိုမျိုးဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒီလိုဖြစ်လု့ိ ဒီလိုအရေးယူတယ်ဆိုတာမျိုးက သာမန်ကြည့်ရင် ဟုတ်သလိုလိုရှိပေမယ့် တကယ့်အဖြစ်ပျက်က ဘာလဲဆိုတာ သိဖု့ိလိုတယ်။ တလောကလည်း မုဒုံဘက်မှာ ထိုင်းဘတ် ၇၀၀-၈၀၀ လောက်ကိုင်လို့ အမှုဖွင့်လိုက်တဲ့ပြဿနာမျိုးတွေလည်းရှိတယ်။ တရားဥပဒေစိုးမိုးရေးလုပ်နေတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်အတွက် အမှုရရေး အမြင်မျိုးမဟုတ်ဘဲနဲ့ ပြည်သူတွေကို ကာကွယ်ပေးတဲ့ပုံစံမျိုးနဲ့ ချဉ်းကပ်ရင်ပိုကောင်းပါတယ်” ဟု ဆိုသည်။

    တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နေသူများက ပြည်သူကို ကာကွယ်ပေးသည့်အနေဖြင့် အမှုတစ်ခုကို အခြေအနေမှန် သိရှိရန် လိုအပ်ပြီးကြောင်း၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ပညာပေးခြင်းသည် ထိရောက်မှုရှိရန် လိုအပ်ကြောင်း ထောက်ပြသူများလည်း ရှိသည်။

    လက်ရှိတွင် သံဖြူဇရပ်မြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေသည့် ရန်နိုင်အောင်ကို သံဖြူဇရပ်မြို့မ ရဲစခန်းက ပေါက်ကွဲစေတတ်သောပစ္စည်းများကို ပေါ့လျော့စွာကိုင်တွယ်မှု၊ (ပ) ၂၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။


    Photo- သံဖြူဇရပ်မြို့မရဲစခန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks