spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်တွင် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၅၀ နီးပါးသေဆုံးသဖြင့် ၃ နှစ်အတွင်းအများဆုံးဖြစ်

    မွန်တွင် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၅၀ နီးပါးသေဆုံးသဖြင့် ၃ နှစ်အတွင်းအများဆုံးဖြစ်

    -

    မင်းချမ်းညီ (မော်လမြိုင်-ဇန် ၂၆)

    မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၈ ဦးရှိသဖြင့် ၃ နှစ်အတွင်းအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    ၂၀၁၇ ခုနှစ်တွင် ယာဉ်တိုက်မှု ၉၁၅ မှု ၊ သေဆုံးသူ ၃၃၅ ဦး၊ ဒဏ်ရာရသူ ၁၅၉၂ ဦး နှင့် ၂၀၁၆ ခုနှစ်တွင် ယာဉ်တိုက်မှု ၇၉၄ မှု ၊ သေဆုံးသူ ၃၁၇ ဦး၊ ဒဏ်ရာရသူ ၁၃၂၈ ဦးသာ ရှိခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်သည် ၃ နှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်သည်။

    မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူး(ဦးစီး) ရဲမှူးမြင့်ဝင်းက “ယာဉ်တိုက်မှုက သထုံနဲ့ ကျိုက်ထိုမှာ အများဆုံးဖြစ်နေတယ်။ သထုံမှာက ဘားအံဘက်လမ်းခွဲတွေနဲ့ ခရိုင်ချင်းဆက်လမ်းတွေလည်း ရှိတယ်။ ကျိုက်ထိုကတော့ ဘုရားဖူးတွေများတာတွေများတယ်။ အခုလည်း ယာဉ်အန္တရာယ်ကျဆင်းရေးအတွက် မွန်ပြည်နယ်အစိုးရကနေပြီး ရက် ၁၀၀ စီမံမှုအနေနဲ့ လင်းယုန်စီမံချက်ကို အကောင်အထည်ဖော်နေပါတယ်” ဟု ပြောသည်။

    ၂၀၁၈ ခုနှစ်အတွင်း မြို့နယ်အလိုက်ယာဉ်တိုက်မှုများအနက် သထုံမြို့နယ်တွင် ၁၃၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမြို့နယ်တွင် ၁၃၄ မှု၊ ပေါင်မြို့နယ်တွင် ၁၂၈ မှု၊ မုဒုံမြို့နယ်တွင် ၁၁၁ မှု ၊ မော်လမြိုင်မြို့နယ်တွင် ၁၀၀ မှု၊ ရေးမြို့နယ်တွင် ၆၆ မှု ၊ဘီးလင်းမြို့နယ်တွင် ၆၅ မှု ၊ ကျိုက်မရောမြို့နယ်တွင် ၅၅ မှု ၊ သံဖြူဇရပ်မြို့နယ်တွင် ၅၀ မှုနှင့် ချောင်းဆုံမြို့နယ်တွင် ၂၉ မှုဖြင့် ဖြစ်ပွားခဲ့သည်။

    ထို့ကြောင့် မွန်ပြည်နယ်အစိုးရအနေဖြင့် ယာဉ်အန္တရာယ်များလျော့ကျစေရေးအတွက် ရက် ၁၀၀ လင်းယုန်စီမံချက်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ပထမ ၆ ရက်တာကာလအတွင်းမှာ ယာဉ်မတော်တဆမှု ၁၄ မှုအနက် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦး ရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောကြားသည်။

    သို့ရာတွင် ယာဉ်အန္တရာယ်လျော့ကျရေး ဖမ်းဆီးစစ်ဆေးမှုများကြောင့် လမ်းမများပေါ်တွင် ရမ်းကားမောင်းနှင်သူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ကင်းစင်စေသည်ကို လက်ခံသော်လည်း ရပ်ကွက်အတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်း၍ ဒဏ်ကြေး သုံးသောင်းရိုက်ခြင်းသည် မရှိဆင်းရဲသားများအတွက် အကြပ်တည်းဖြစ်စေပြီး တစ်နေ့မှ ကျပ် ၄-၅ ထောင် သာရရှိသည့် TAXI ဆိုင်ကယ်မောင်းနှင်သူများကိုလည်း စားဝတ်နေရေးထိခိုက်စေကြောင်း သံဖြူဇရပ်မြို့၊အောင်သာယာရပ်ကွက်က ဆိုင်ကယ်အငှားယာဉ်မောင်း ကိုမောင်မောင်ဌေးက ပြောသည်။

    ကိုမောင်မောင်ဌေးက “စိတ်ညစ်ရတာပေါ့။ မြို့လယ်ခေါင်မှာ ဖမ်းတာတော့ဟုတ်ပါတယ်။ ဘယ်သူဖြစ်ဖြစ် ကိုယ့်ရပ်ကွက်ထဲမှာက အဆင်ပြေသလိုပဲ သွားမှာပဲလေ ဒါပေမယ့် ရပ်ကွက်ထဲ ဖမ်းတာမျိုးကျတော့ အခု ဒဏ်ကြေးငွေနှစ်သောင်းပဲ ရှိလို့ ဦးလေးဆီက တစ်သောင်းထပ်ချေးခဲ့ရတယ်။” ဟု ပြောသည်။

    ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဦးထုပ်မဆောင်းခြင်း၊ နောက်ကြည့်မှန်နှင့် နံပါတ်ပြားမတပ်ဆင်ခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိခြင်း စသည်တို့ဖြင့် စည်းကမ်းပျက်ယာဉ် ၂၆၂၅ စီးကို အရေးယူရာတွင် လိုင်စင်မဲ့ယာဉ် ၇ စီးသာ အရေးယူခဲ့ခြင်းနှင့် ရပ်ကွက်ရွာလမ်းများအတွင်း ရာဘာအစေးခြစ်သူများကိုပါ ဖမ်းဆီးနေသည့်အတွက် လင်းယုန်စီမံချက်အပေါ် ဝေဖန်မှုများမြင့်တက်နေခြင်း ဖြစ်သည်။

    မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၁၈၄ ဦးအထိရှိပြီး ကချင်တွင် ၁၉၆ ဦး၊ ကယားတွင် ၄၇ ဦး၊ ကရင်တွင် ၁၅၃ ဦး၊ ချင်းတွင် ၄၇ ဦး၊ မွန်တွင် ၃၄၆ ဦး၊ ရခိုင်တွင် ၁၇၀ ဦး၊ ရှမ်းတွင် ၅၂၉ ဦး ၊ မန္တလေးတိုင်းတွင် ၇၄၄ ဦး၊ ပဲခူးတိုင်းတွင် ၅၂၉ ဦး၊ ဧရာဝတီတိုင်းတွင် ၄၁၉ ဦး၊ မကွေးတိုင်းတွင် ၃၆၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၄၈၁ ဦး၊ တနင်္သာရီတိုင်းတွင် ၂၀၉ ဦး၊ နေပြည်တော်တွင် ၂၂၇ ဦး၊ အမြန်လမ်းမကြီးတွင် ၁၀၄ ဦးနှင့် ရန်ကုန်တိုင်းတွင် ၅၉၉ ဦး သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


    Photo- မော်လမြိုင် စက်မှုဇုန်ရှေ့ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks